အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Tuesday, June 28, 2011

စလေဦးပုည (အပိုင်း ၃၊ ဇာတ်သိမ်း)


          အမျိုးသားတက္ကသိုလ်၊ ရာဇဝင်နှင့် မြန်မာစာပြဆရာ ဦးသက်တင်က အကိုအကားတို့ နှင့် တကွ တင်ပြသော ဦးပုည မသေကြောင်း ဖော်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

          အတိုချုပ်မှာ ဦးသာအိုးက ၁၂၂၈-ခု ။ သီတင်ကျွတ်လဆုတ်၊ ၁၃-ရက်နေ့ ည သန်ခေါင်ကျော်တွင် အီကင်း ရေဆိပ်သို့  ချ၍သတ်စေ၏။ ထို အစီအစဉ်ကို ကြိုသိတင်သိ၍ ကယ်ဆယ်ရန်ကြံသူတို့ မှာ ဦးသာအိုး၏ မယာငယ် ခင်သုံ၊ ၄င်းအမ ခင်မှုံ နှင့် ခင်ပွန်း ကိုသူရ၊ ဦးပုညကို ကြည်ညိုရင်းစွဲး ရှိသော ပုသိမ်မြို့ ပွဲးစားကြီး ဦးညို (ထိုစဉ်က ကုန်ကူးရင်း မန္တလေးတွင် ရောက်ရှိနေသည်။) တို့ (၄)ဦးက ကယ်ခဲ့သည်။ ကယ်ပုံမှာ ဦးညိုက ငွေစိုက်၍ သူသတ်ဆိုင်ရာမှ လူတို့ နှင့် ကြိတ်နယ် တိုင်ပင်ကာ ရေချမည့် နေရာတွင် ပိုက်ကွန်ဖြန့် ခံထားပြီး ဦးပုည အသက်ကို ကယ်လိုက်ကြသည်။

          ကယ်ပြီးနောက် ဦးပုည အပါအဝင် (၅)ဦးပေါင်း တိုင်ပင်လျက် `ဦးပုည` ကို ရှမ်းပြည်ကဖြတ်၍၊ သံလွင်မြစ်ကြောင်းစုန်ပြီး၊ မြန်မာပြည်အောက်ပိုင်း (ထိုစဉ်က အင်္ဂလိပ်လက်အောက် ရောက်ရှိပြီးဖြစ်သည်။) မော်လမြိုင်မြို့ သို့  ကိုသူရက ခေါ်လာခါ ဦးညို၏အမ- ဒေါ်နှင်းရီ နှင့် ခင်ပွန်း ဦးဂွယ်တို့  အိမ်တွင် ပုန်းအောင် တည်းခိုနေလေသည်။  မော်လမြိုင်တွင် ၁၂၃၆-ခုထိ (၈)နှစ်ကြာ ပုန်းအောင်းနေပြီးမှ အထက်အရပ်မှ သတင်းကြားသိ၍ မလုံခြုံဟုထင်သောကြောင့် ကရင်နီနယ်သို့  ပြောင်းရွှေ့ ပုန်းအောင်းရာတွင် ၁၂၃၇-ခုတွင် ဖျားနာ၍ အနိစ္စရောက်(ကွယ်လွန်)လေသည်။

          ဦးပုညသည် မန္တလေးမြို့ မှ အသက်ဘေးမှ လွတ်မြောက်ပြီး ၁၂၂၈-ခု၊ ပြာသိုလဆန်း ၉-ရက်(တနင်္ဂနွေနေ့ ) က ဦးညိုအား ရေးစပ်ပေးသည့် တေးထပ်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။


 
          (မှတ်တမ်း အဖြစ်သာ ဖော်ပြခြင်းဖြစ်ပါသည်။)

          ဦးညိုမှ ဒေါ်ကျော့ကို ဖွားသည်၊ ၄င်းမှ ဦးဖိုးသောင်ကို ဖွားသည်။ ၄င်းမှ ယခု ဦးသက်တင်ကို ဖွားသည်။ ၄င်းအားဖြင့် အဖေး-ဦးညို၏ မှတ်တမ်း စာအုပ်များ၊ စလေဦးပုညကိုယ်တိုင်၏ မှတ်စုစာအုပ်၊ မှတ်တမ်း ပုရပိုက်တို့ ကို စဉ်ဆက်ထိန်းသိန်းရာမှ ဆရာဦးသက်တင်က ရရှိထားခဲ့လေသည်။ (နောက်မျိုးဆက်ကိုတော့ ဆက်၍ မသိရှိပါ။)
--------------------o--------------------------------o----------------------------0------------------------
          (အောက်ပါ အကြောင်းအရာတို့ ကို ဦးမင်းဒင်၏ Site မှ ကိုးကားရေးသား ဖော်ပြပါသည်။)

          ဘိုးဝဇီရ အတ္ထုပ်ပတ္ထိ စာအုပ်တွင်

          ဘိုးဝဇီရသည် ဦးသာအိုး၏ သားဖြစ်သူ မောင်မောင်လေးအား ပညာသင်ကြားပေးရသည်ကို အကြောင်းပြု၍ ဦးသာအိုးနှင့် ခင်မင်ပြီး၊ ဦးသာအိုးကို ` စလေဆရာဦးပုညကို ကွပ်မျက်သလား` ဟု မေးမြန်ဘူးလေသည်။ ထိုအခါ ဦးသာအိုးက ` သူကံမကောင်းလို့  စွပ်စွဲခံရပါသည်။ မြို့ ဝန်လည်း ဖြစ်နေပါတယ်။ တကယ်က တပယ်မင်းသား အမိန့် ဖြင့် လက်မရွံ့ တို့  သတ်တာပါ။ မင်းတရားကြီး မကျေနပ်မှန်း သိသဖြင့် သူ့ အပေါ် လွှဲချတာသာဖြစ်ပါတယ်။ မင်းသားပါလို့ လည်း မစွပ်စွဲဝံ့လို့  သည်အတိုင်းနေရတာပါပဲ` လို့ ဖြေခဲ့ကြောင်း ပါရှိခဲ့သည် ဆိုပါတယ်။

          တပယ်မင်းသားသည် တေးကဗျာ ဝါသနာပါ၍ အတီးအမှုတ်တတ်လေသည်။ သီချင်းကြီး၊ သီချင်းခန့် လည်း စုဆောင်းတတ်သည်ဟု ပညာရှိ ရွှေပြည် ဦးဘတင်၏ အမှတ်အသားရှိသည်။ ကဗျာစာဆိုများကိုလည်း တေးကဗျာ ရေးခိုင်းတတ်သော အလေ့ရှိ၏။ ထိုကြောင့် စာဆိုစလေဦးပုညအား တေးကဗျာရေးခိုင်းရာမှ စိတ်မကောင်းစရာ အဖြစ်နှင့် ကြုံရပုံကို နယ်ပိုင်ဝန်ထောက် ဦးမောင်မောင်တင် (K.S.M. , A.T.M) ၏ ` ဦးပုညသမိုင်း` စာအုပ်တွင် မှတ်တမ်းတင်ထားပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

          တပယ်မင်းသားသည် တေးကဗျာရေးခိုင်းရန် အတွက် လူပျိုတော်တစ်ဦးကို စေလွှတ်၍ ဦးပုညအား အခေါ် ခိုင်းလေသည်။ ဦးပုညမှာလည်း အခြားမင်းသားတွေက တေးကဗျာ ရေးခိုင်းထားသဖြင့် မအားဘဲရှိလေသည်။ ထို့ ကြောင့် အလုပ်ပြီးမှ လာနိုင်မည့် အကြောင်းကို ပြန်လျှောက်ခိုင်းလေသည်။ နောက်တစ်နေ့ တွင်လည်း အခေါ်လွှတ်လေရာ မအားလပ်သဖြင့် ဦးပုညက စိတ်ရူတ်ရူတ်ဖြင့်

` မင်းသား အစစ်တွေခိုင်းတာကို ရေးနေရတယ်။ ယမနေမင်းသား ခေါ်တာကို မလာနိုင်အားသေးဘူး။ သည်ကပြီးမှ လာနိုင်ပါမယ့်အကြောင်းကို လျှောက်ထားလိုက်ပါ` ဟု မချေမငံ ပြန်ပြောခဲ့လေသည်။
(မှတ်ချက်။       ။ ရုပ်သေးရုပ်ကို ယမနေသားနှင့် ထုလုပ်မြဲ ဖြစ်သည်။ ရုပ်သေးမင်းသားဟု တပယ်မင်းသားအား ပြောဆိုခြင်းမှာ မင်းသားအစစ် မဟုပ်ဟု ဆိုလိုသည် ဆို၏။ မင်းတုံးမင်း၏ မိထွေးတော်မှ ပါသောသားဖြစ်သည်။( လေးဗိုလ် ဦးဆိုင်နှင့် မင်းတုံးမင်းမိထွေး အလ္လကပ်ပမြိုးစား တို့  မှမွေးပြီး ၊ မင်းသွေးမဟုပ်ပေ။) မင်းတုံးမင်းသည် မိထွေးတော်ကို နေရာပေး၍ ၊ သူ့ သားကိုလည်း မင်းသား အရာပေးထားခြင်းသာ ဖြစ်သည်။)

          တပယ်မင်းသား သတ်ကြောင်းကို ` ဘိုးဝဇီရ အတ္ထုပ်ပတ္ထိစာအုပ်` နှင့်` ဦပုည သမိုင်း` စာအုပ်နှစ်အုပ်ကို ကိုးကား၍ ၄င်း၊ ၁၈၇၆-ခုနှစ်လောက်တွင် ဗြိတိသျှပိုင် အောက်မြန်မာပြည်သို့  စိန်ဂျွန်း(ဆရာမတ်) ကျောင်းတွင် ဆရာအဖြစ်၎င်း၊ သတင်းထောက်အဖြစ်၎င်း အလုပ်လုပ်ကိုင်ရန် လာရောက်ခဲ့သည့် ဂျိမ်းဂျော့စကော့ သည် ၁၈၈၂-ခုနှစ် သီပေါမင်း လက်ထက်တွင်ကား သူ့ အတွေ့  အကြုံများကို စုစည်းလျက် `ရွှေရိုး` ကလောင် အမည်ခံ၍ The Burma, His Life and Notions အမည်ဖြင့် နှစ်တွဲပေါင်းစာအုပ်ကို ရေးထုတ်ခဲ့သည်။

          စာမျက်နှာ(၃၅၂)တွင်
Oo Hpo Nyah is the most celebrated recent auther. He was killed in the late King’s reign by the Tabe Mintha. (ဦးပုည သည် နာမည် အကြီးဆုံး ခေတ်ပေါ် စာရေးဆရာ ဖြစ်သည်။ သူ့ ကို ယခင်မင်းလက်ထက်တွင် တပယ်မင်းသားက အဆုံးစီရင်ခဲ့လေသည်။)

ရည်ညွှန်းကိုးကား ထားသော စာအုပ်များကို  http://www.mindin.info/2011/03/blog-post.html  တွင် သွားရောက်ဖတ်ရှူ့ နိုင်ပါသည်။
--------------------o--------------------------------o----------------------------0------------------------
          ဦးပုည၏ ပုံစံသွင်ပြင်မှာ မနိမ့်မမြင့်၊ အရပ်ပြတ်ပြတ်၊ အသားလတ်၏။ လက်ယာလက်မှာ လက်မောင်းရင်းကစ သေးသိမ်နေသည်ကို လူမမြင်စေရန် ပုဆိုးစကို ယာဖက်ပခုံးစွန်း၌ အမြဲတင်ထားလေ့ရှိသည်။ ၄င်းပုဆိုးစသည် ချိတ်တွယ်ထားခြင်း မရှိပဲ မြဲမြံစွာနေသည်။
          ကွမ်းစားသောအခါ ကွမ်းရွက်ကို ပုဆိုးတွင်းမှ လက်ယာလက်မ၊ လက်ညိုး နှစ်ချောင်းဖြင့် ညုပ်ထားပြီး၊ လက်ဝဲလက်ဖြင့် ထုံးသုပ်ခြင်း၊ ကွမ်းသီးညှပ်ခြင်း၊ ထည့်ခြင်းပြု၍ ၊ လက်ဝဲလက်ဖြင့် စားလေ့ရှိသည်။
          ပုဝါကို ပေါင်းသောအခါ၊ လက်ယာဘက်မသန်သော်လည်း လူကြီးပေါင်း၊ အုပ်ပေါင်း ကောင်းမွန် သပ်ယပ်သည့်ပြင် အလွန်လျှင်မြန်သဖြင့် အံဩဖွယ်တစ်ခုပင် ဖြစ်သည်။
          စာရေးသောအခါ လက်ဝဲလက်ဖြင့် ရေးရသည် ဖြစ်သဖြင့်၊ ပုရပိုက်ကို ထောင်လိုက်ထားကာ ရေးချလေ့ရှိသည်။အလွန်လျှင်မြန်သည့်အပြင် လက်ရေးလက်သားကောင်းလှသည်။

ဦးပုညရေးသားခဲ့သော စာပေများမှာ
  
၁။       ဗဟန်းဘွဲ့ ၊ ကန်တော်ကြီးဘွဲ့  တောလား၊
၂။       မင်းကြီးဦးပွား၏ ရေစက်သွန်း ဆုတောင်း မော်ကွန်းစာ၊
၃။       တရားဟောစာ၊ ဝတ္ထု ၂၆-ပုတ် ၊
၎။       မေတ္တာစာ ပုဒ်ရေ ၅၀-ခန့် 
၅။       ဟောကိန်းရကန်များ။ ၄င်းရကန်များတွင်၊ သစ်လဲကြန်၇ကန်၊ မြေခံရကန်များ၊ နဂါးလှည့်ဟောရကန်၊ အဋ္ဌလက်ဟောရကန် တို့  ပါဝင်သည်။
၆။       သင်္ဂြိုဟ်ကိုးပိုင်းသရုပ် တေးထပ်များ။
၇။       ဗြို့ ဟဇ်ကျမ်းလာ ဇာတာယုဂ်ပေါင်း ၁၅၀-ကို တေးထပ်ဖြင့် ပြီးအောင်ရေးသော ဟောကိန်း   တေးထပ်များ။
၈။       ဇာတာဘွဲ့ လေးချိုး။
၉။       သက်ရောက်ဂြိုဟ်စားဟော တေးထပ်များ။
၁၀။     မယ်ဘွဲ့ ၊ မောင်ဘွဲ့ ၊ တောဘွဲ့ ၊ တောင်ဘွဲ့ ၊ ကိုယ်ရည်သွေးမှ စ၍ များပြားလှစွာသော တေးထပ်များ၊           ရှစ်ဆယ်ပေါ်တေးထပ်များ၊ ပေါင်း ၂၀၀-ကျော် တွေ့ မှတ်ရသည်။ (သူများမှတ်ထားတာ ပြောတာပါ။)
၁၁။     ဆေးကျမ်း လင်္ကာများ။
၁၂။     ဆေးနည်း လက်ာ ကဗျာများ။
၁၃။     သဒ္ဒါပုဒ်စစ် လင်္ကာ ကဗျာများ။
၁၄။     ပင့်ရစ် ဂဏ္ဌိသတ်ပုံလင်္ကာ ၁၄-ပိုဒ်
၁၅။     သက္ကဋဘာသာ ဖတ်နည်းလင်္ကာ။
၁၆။     ပုဂံတွင်နေစဉ်ရေးသော၊ ပိဋကတ်ဖက် ဆိုင်ရာ-သဒ္ဒါဂန္ထရ နိသျ နံပျောက်ဆောင်များ၊ (နိသျနံ           ပျောက်ဆိုသည်မှာ၊ အရိုးအတိုင်း ပါဌ် ပါဋ္ဌိကို ရေးထားပြီးလျှင်၊ အနက်ခက်သော ပါဋ္ဌိစကားလုံးတို့    ၏     အထက်က၊ မြန်မာအနက်ကို ဆင့်၍ ရေးမှတ်ထားခြင်းကို ဆိုသည်။)
၁၇။     ယိုဒယားနိုင်မော်ကွန်း။
၁၈။     ရတနာနဒီဘွဲ့  မော်ကွန်း။
၁၉။     ဥပကနှင့် ဆာဝါဟောစာ။
၂၀။     ဝိဇယ ပြဇာတ်။
၂၁။     ကောသလ ပြဇာတ်။
၂၂။     ပဒုမ ပြဇာတ်။
၂၃။     ဂင်္ဂါမာလဇာတ်(ခေါ်) ရေသည်ပြဇာတ်။
၂၄။     ကုသပြဇာတ် တပိုင်း။ (ရေးဆဲ)
၂၅။     ဝါသုဒေဝဇာတ်။
၂၆။     ဝေဿန္တရာဇာတ်။
၂၇။     အိမ်မှုတရား အဆုံးအဖြတ်များ၊ ဓမ္မသတ် လင်္ကာ (ရေးဆဲ)
၂၈။     သာသနာရောက် မင်းပြိုင်စာတမ်းနှင့်၊ သာသနာလျှောက်ကြီး။
၂၉။     ဆွမ်းတော်ကြီးတင် စာတမ်း။
၃၀။     စံကျောင်း ဆရာတော် ဦးစန္ဒိမာ ပြန်လွန်တော်မူရာတွင် ရေးသော ငိုချင်းရှည် ၄-ပုဒ်။
၃၁။     မန္တလေးတောင်ခြေ၊ ယာတော်ကြီးထွန်၊ ဖုန်းဘွဲ့  ဗုံကြီးသံများ။
၃၂။     မှာတမ်းများ။
၃၃။     ဒုံးချင်းများ။
၃၄။     ရတုများ။
၃၅။     တောလား၊ ရေလား၊ သပြေလားများ။
၃၆။     သမိုင်း၊ ကျောက်စာသံပိုင်းများ။
၃၇။     ဧချင်း၊ တေးထပ်၊ သဖြန်၊ ဒွေးချိုး-လေးချိုးများ။
၃၈။     ရေသဘင် လူးတားများ။
၃၉။     ရေသဘင် ရတုများ။
၄၀။     ပေါက်ထီးဆင်ဖွား-ရတုပိုဒ်စုံ။
၄၁။     မြမန်းစကြာ သင်္ဘောတော်နှင့် ဒူးရင်းတော်ဆက် နာဝါသံ (လှေတော်သံများ)
၄၂။     ရတနာနဒီမြစ်တော်၊ လှေချင်းတက်သံများ။
စသည့် လောကီ၊ လောကုတရာ စာများကို နောင်းလူတို့ အတွက် ရေးသားခဲ့သည်ဟု ဆိုပါသည်။
          ဦးပုည၏ ဇာတ်လမ်းကို ဖတ်ရသည်မှာ ဂျိမ်းစ် လှကျာ် ရေးသော မောင်ရင်မောင်၊ မမယ်မ ဇာတ်ဝင်ခန်းကိုပင် ပြန်လည် သတိရမိပေသေးသည်။ ဦးပုညကို မြန်မာ-ရှတ်စပီးယား ဟု ပင် သတ်မှတ်နိုင်ကြောင်း ဖော်ပြချက်ကိုလည်း တွေ့  ရဘူးပေသည်။ ဦးပုည သည် စာပေ၊ ကျမ်းဂန်များကို ပိုင်နိုင်လှပေသည်။ ပညာမာန်လည်း ကြီးသည်ဟု ယူဆရပါသည်။ ဦးပုည နှင့် ခောတ်ပြိုင် စာဆိုတော်တစ်ဦးမှာ အချုပ်တန်း ဆရာဖေ ပင်ဖြစ်ပါသည်။

Wednesday, June 22, 2011

စလေဦးပုည (အပိုင်း - ၂)


                     အပိုင်း-၁ မှာ တင်ခဲ့တဲ့ ပုံက ကိုယ်တိုင်ရိုက်လာတာမို့  အဖြစ်ပါ။ ဒီပုံက သူများဆိုဒ်မှာ တင်ထားတဲ့ ကျွမ်းကျင်သူရဲ့ လက်ရာမို့  ပုံကောင်းပါ။ ဓါတ်ပုံကို တွဲးပြခြင်လို့  ယူသုံးထားတာမို ခွင့်ပြုနိုင်ရင် ခွင့်ပြုဘို့  ဒီနေရာက တောင်ပန်ပါတယ်နော်။

                       ဒါက ဦးပုည ငယ်စဉ် ရှင်ဝတ်စဉ်က နေထိုင်ခဲ့၊ စာကျက်ခဲ့တဲ့ စလေက ဘုန်းကြီးကျောင်းပုံပါ။ အတွင်းမှာတော့ အလင်ရောင်ဝင်စရာ လုံလောက်မူ မရှိလို့  အတော်လေး မှောင်ပါတယ်။   ပုဂံခေတ်ကတည်းက စလေမြို့ ဟာ တည်ရှိခဲ့တာမို့  ဒီဘုန်းကြီးကျောင်းဟာ ပုဂံခေတ်လက်ရာလို ယူဆစရာရှိပါတယ်။ အတိအကျတော့ မသိပါဘူး။ 


---------------------------* ----------------------------------------------------*------------------------


          အမူထမ်း မောင်ချစ်တီး ဆိုသူက ဦပုည သည် ဗန်းမော်တိုက်တွင် ရှင်သာမဏေပြုနေကြောင်း လျှောက်ထားသဖြင့် ရှေ့ တော်သို့ ပင့်ရသည်။ မန္တလေးတောင် အရပ်တွင် မြို့ တည်လို၍ အခါပေးရန် ပြောဆိုရာ ၁၂၁၈-ခု တွင် မြို့ တည်ရန် နှင့် ဗေဒင် ကိန်းခန်းအရ အင်္ဂါနံ ညောင်ပင်များကို တံခါးဝ နှင့် လမ်းဆုံတို့ တွင် စိုက်လျှင် အောင်မြင်မည့်အကြောင်း အခါပေးဆက်လေသည်။ မဟာရာဇဝင်တော်ကြီးတွင် ပြထားသော မြို့ နန်းတည်ရာတွင် အခါပေး ကြီးမှူးသူများ စာရင်တွင် မပါဝင်ဟုလည်း ဆိုသည်။ ( ဦးပုညသည် ဗေဒင်ပညာတတ်ကျွမ်း သဖြင့် ရှေ့ ကလည်း ရဟန်းဝတ်နှင့် ဒကာမတို့  ဝင်ထွက် မေးမြန်းကြသဖြင့် ရဟန်ဒယကာက သင်ကာမကင်း၍ လူဝတ်လဲ ရသည်။ နောက်တွင်လည်း ထိုပညာရပ်နှင့်ပင် အသက် အန္တရာယ်ကြုံရလေသည်။ )

          မင်းတုံးမင်းသည် မြောက်ဥယျာဉ်တော်တွင် ဝါသနာအလျှောက် အဂ္ဂိရတ်ထိုး ရာ မြို့ ဝန် ဦးသာအို က ရှင်ပုည သည် အဂ္ဂိရတ်တွင် များစွာကျွမ်းကျင်ကြောင်း လျှောက်သဖြင့် ရှေ့ တော်သို့  ပင့်သဖြင့် ဦးပုညက အဂ္ဂိရတ်အကြောင်း နက်၊ နဲ၊ ဆစ်ပိုင်း ကျနစွာ လျှောက်လေသည်။ မင်းတရားကြီး က သင်္ကန်ဝတ်ဖြင့် နေသည်မှာ ဘယာကြောင့်လော၊ သဒ္ဒါကြောင့်လောဟု မေးလေသည်။  နှစ်မျိုးလုံးကြောင့် ဖြစ်ကြောင်း ပြန်လည်လျှောက်ထားလေသည်။ ( ဦးပုညသည် လူဝတ်ကြောင်များနှင့် ပတ်သတ်သော ပညာများတွင် ပို၍ ကျွမ်းကျင်ကြောင်း တွေ့ နိုင်လေသည်။)  များမကြာမီပင် လူထွက်လေသည်။

          ထိုနောက် ကနောင်မင်းထံ ခစားရာ ကနောင်မင်း အလိုရှိ၍ သင်ဂြိုဟ် ကိုးပိုင်းသရုပ် တေးထပ်များကို ရေးသားဆက်သွင်းရသည်။ ၁၂၁၄-၁၅ ခု ယိုးဒယား ဇင်းမယ်ကို နိုင်သည့်အတွက် မင်းတရားကြီး အမိန့် အရ ယိုးဒယားနိုင် မော်ကွန်းကို ရေးသားရသည်။ နန်းတွင်းမိဘုရား အချို့  အကျင့်ဖောက်ပြား ကြသဖြင့် တားမြစ်ရန် ဦးပုည ကို ပဒုမဇာတ်(ပဒုမ ပေါင်တို) ကို ရေးစေပြန်သည်။ တဖန် မိဘုရားတို့ ကလည်း မိန်းမမြတ် ဖြစ်သော မဒ္ဒီမိဘုရား ပါဝင်သည့် ဝေသန်တရာဇာတ်တော်ကို ရွှေ၊ ငွေ များစွာ ပေး၍ ရေးခိုင်းပြန်သည်။ နောက်တွင် မင်းသားအချို့ နှင့် မြင်ကွန်း၊ မြင်ခုံတိုင်မင်းသားတို့  ဆိုးသွမ်းလွန်းသောကြောင့် ဆုံးမရန် ဝိဇယဇာတ်ကို ရေးရသည်။  ထိုမှ အစပြု၍ ရတု၊ ရကန်၊ ပြဇာတ်များကို သီးကုံးရေးသားကာ အမူထမ်းခဲ့ရသည်။( စလေဦးပုည သည် လက်ဖက်ရည်တော် ဆက်အဖြစ် မင်းတုံးမင်းထံတွင် ခစားရသည် ဟုလည်း ဖတ်ဖူးသည်။)

          မန္တလေးမြို့  နန်းတည်ပြီးသော် မင်းတုံးမင်းသည် သားတော် မလွန်မင်းသားအား အိမ်ရှေ့ စံပေးရန် စိတ်ကစားလေသည်။ ထုပ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ကနောင် အိမ်ရှေ့ စံမင်းက ယုံမှားသံသယ ရှိပြီး ညီတော်၊ နောင်တော် စိတ်မကြည်လင်ဖြစ်ခါ မဝင်၊ မထွက်ဘဲ နေကြလေသည်။ မင်းကြီးခေါ်သော်လည်း ကနောင်မင်းသားက မကြွသဖြင့် မင်းသား ငယ်စဉ်ကပင် စောင့်ရှောက်၊ မွေးမြုရသော စကြာဒေဝီ မိဘုရားခေါင်ကြီးအား ဖြောင့်ဖြစေရသည်။ ကနောင်မင်းသားကြွလာသဖြင့် မင်းတုံးမင်းက သားဆိုသည်မှာ လိုသလောက်ရကြောင်း၊ ညီတော်က နောက်ထပ် မရနိုင်ကြောင်း ဝမ်းနည်းစွာ မိန့် လေသည်။ (  :D  ) [မင်းတုံးမင်းလက်ထက် မင်းမူထမ်းတို့ သည် မိန်းမ (၂)ယောက်နှင့် အထက်တွင် ရှိသူများသဖြင့် လာဒ်စားကြလေသည်။]

          ကနောင်မင်းသားလည်း စိတ်အေးငြိမ်း၍၊ မှားလေခြင်းဟု နောင်တရပြီးသကာလ (ကျွန်ုတို့ ရှစ်တန်း ကျောင်းစာ အဖြစ် သင်ယူခဲ့ရသော) ` ရေသည် ပြဇာတ်` ခေါ် `ဂင်္ဂါမာလဇာတ်တော်` ကို ဦးပုညအား ရေးသား တင်ဆက်စေလေသည်။ နှစ်သက်လွန်း၍၊ ဇာတ်တော်ကို ရှေ့ တော်တွင်လည်း ဖတ်ရ၍၊ ပြဇာတ်လည်း အကြိမ်ကြိမ် ကပြရလေသည်။
[မှတ်ချက်။       ။ စလေ ဦးပုညသည် ညာလက်က အင်္ဂါချို့ ယွင်းနေသော်လည်း (ညာလက်တဖက်လုံး သိမ်နေသည် ဆို၏) ရှင်ဘုရင်ရှေ့ တော်တွင် လက်ရေးမြန်၍ လက်ရေး၊ လက်သား လှပသေသပ်စွာ ရေးသားတင်သွင်း နိုင်လေသည်။ ရှင်ဘုရင်ရှေ့ တွင် ရေးသား ပေးဆက်ရသော ပေစာကို ခေါင်းထက်ထားပြီး ရှင်ဘုရင်ဘက် လှည့်ကာ လက်ယာလက်ပေါ်ပေစာတင်လျှက် လက်ဝဲလက်ဖြင့် ကညစ်ကိုကိုင်ပြီး လျှင်မြန်စွာ ရေသားဖော်ပြရသည်။]

          မန္တလေးမြို့ ကို ၄-နှစ်ကြာ တည်ထောင်ပြီးနောက် မင်းတုံးမင်းက စလေဆရာဦးပုည အား မင်းလှ သင်္ခယာ ဟုသော ဘွဲ့ နှင့် ရွာစည်ရွာကို ပေးတော်မူသည်။ လစာငွေ တစ်နှစ် ၆၀၀-ကျပ်နှင့် အိမ်ဆောက်ရန် မြေနေရာလည်းပေးလေသည်။ ကိုယ်လက် အင်္ဂါချို့ ယွင်းနေသောကြောင့် မျိုးရိုး- သူကြီးရာထူး ရရန်ကိုကား မည်သူမှ လျှောက်ထားပေးခြင် မရှိပေ။ ၁၂၂၄-ခု တွင် အရှေ့ အရပ်မှစ၊ တောင်ဘက် သို့  နန်းတော်ပတ်လည် မြောင်းတူး၍ ကျုံးတွင်းရေးသွင်းသော် ရတနာနဒီ မြစ်တော် မော်ကွန်းကို ဦးပုညက ရေးဆက်ရာ ဆုလာဒ် များစွာရလေသည်။ (ငယ်စဉ် မောင်ပုတ်စည် ဘဝမှပင်၊ ဆုတော်၊လာဒ်တော် အမျိုးမျိုးကို မင်းညီ၊ မင်းသား၊  မိဘုရားနှင့် ရှင်ဘုရင်တို့ ထံမှ ပုံစံမျိုးစုံဖြင့် ရဘူးသည်။)

          မြင်ကွန်း၊ မြင်ခုန်တိုင်မင်းသားတို့  ခေါ်၍ ဗေဒင်မေးသည်ကို ဟော၊ပြော သဖြင့် ကနောင်မင်းသားက မင်းမှလွဲးပြီး မင်းသားတို့ ထံတွင် မခစားရန် တားမြစ်လေသည်။ မင်းခစားဖြင့် ရိုးဖြောင့်စွာနေပါက ဘေးမဲ့ရစေမည်ဟု နောင်တော်ထံ လျှောက်တင်ပေးသည်။ ထိုနောက် ဦးပုညသည် အမျိုးမျိုးသော ကဗျာတို့ ကို ရေးသားစီရင်လေသည်။ ထိုသို့ နေစဉ် မြင်ကွန်း၊ မြင်ခုံတိုင်မင်းသားတို့  ပုန်ကန်မူတွင် အခါပေးသောကြောင့် မင်းတုံးမင်းတရား အမျက်သင့် သဖြင့် မြို့ တော်ဝန် ဦးသာအိုးထံတွင် အကျယ်ချုပ်နှင့် အပ်ထား ခံရလေသည်။

            ဒီပုံက စလေဦးပုညရဲ့  လက်ရေးမူတွေ ထားတဲ့ ပြတိုက်ပုံပါ။

          မြို့ ဝန်မင်း၏ မယားငယ်များသည် ဗေဒင်မေးရန်၊ တေးထပ်ရေးရန် ဦးပုညထံ မြို့ ဝန်မရှိခိုက် ဝင်ထွက်ကြသည်။ ပေး၊ ကျွေးကြသည် ဆိုပါသည်။ မြို့ဝန်းဦးသာအိုးသည် မိမိ မယားငယ်များ အချင်းချင်း ကုန်တိုက်သဖြင့် သတ်ရန် ကြံစည်သည် ဆိုပါသည်။ နောက် ၅-လ ကြာမှ မင်းတုံးမင်းက စိတ်ပြေသဖြင့် ဦးပုညကို လွှတ်ရန် မိန့် ရာ ဦးသာအိုးမှာ အမိန့် ဖြင့် သူခိုး၊ ဒမြ ဖမ်းရန်သွားနေသဖြင့် ဦးပုညကို ကြည်ညိုသော ဦးသာအိုး၏ မိန်းမများက လုပ်ကြံပြီးပုံ အလုံစုံကို ပြောကြားလေသည်။ နံနက် ညီလာခံတွင် မြို့ ဝန် ဦးသာအိုး က ဦးပုညကို သတ်ပစ်ကြောင်းပြောသော် မင်းကြီးက လူကို ခွေးသတ်လေပြီတကား-ဦးပုညကို ငါနှင့် ညီတော် ဘေးမဲ့ပေးပြီး ဖြစ်တယ်။ ဦးသာအိုးထံ အကျယ်ချုပ် ထားခြင်းသာဖြစ်သည်။ မောင်သာအိုးသည် အလွန် မိုက်သောသူ ဖြစ်လေသည်ဟု၍ နှမြောစွာ မိန့် လေသည်။ (ဖတ်မိသမျှကို ရေးသားခြင်း ဖြစ်ပါသည်။ မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေရန် ရည်ရွယ်ရင်း မရှိပါ။)

          ဦးပုည၏ အထ္တုပ်ပတ်တိသည် ဒီမှာ ပြီးဆုံးသည်ဟု ထင်စရာ ရှိသော်လည်း ရတနာပုံ သတင်း အယ်ဒီတာ ဘိုးဝဇီရ ၏ ပြောကြားချက်နှင့် မြန်မာပြည်အောက်ပိုင်း ဗြိတိသျှကိုလိုနီ အဖြစ် သိမ်းပိုက်ပြီးချိန်တွင် ရောက်ရှိလာသော `ဂျိမ်းဂျော့ စကော`  သည် (စိန်ဂျွန်းကျောင်းတွင် ဆရာ နှင့် သတင်းထောက် အဖြစ် လုပ်ခဲ့ပြီး) `ရွှေရိုး` ကလောင်အမည်ဖြင့် ရေးသားခဲ့သော The Burma, His Life and Notions စာအုပ်များကို ကိုးကား၍ ဦးပုညကို လုပ်ကြံသူမှာ ဦးသာအိုး မဟုပ်ဟုလည်း ဆိုပေသည်။ တဖန် သူရိယ မဂ္ဂဇင်းတွင် (အမျိုးသား တက္ကသိုလ်၊ ရာဇဝင် နှင့် မြန်မာစာပြ) ဆရာ ဦးသက်တင်က ထိုစဉ်က ဆရာဦးပုည မသေကြောင်း အကိုးအကား အတန်စုံစွာဖြင့် ရေသားထားချက်တို့ ကို နောက်တပိုင်းတွင် ဆက်လက် ဖော်ပြပေးပါမည်။

O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O

Friday, June 17, 2011

စလေဦးပုည (အပိုင်း - ၁)





စလေဦးပုည အတ္ထုပ်ပတ္တိ အကျည်း
(ရှာဖွေ ဖတ်ရူ့ ရသော စာအုပ်များအပေါ်တွင် အခြေခံ၍ မိမိဘာသာ ကောင်းနိုးရာကို ကိုးကား တည်းဖြတ်၊ ထုတ်နုတ်၍ ဖော်ပြထားခြင်း ဖြစ်ပါသဖြင့် တစုံတရာ မှားယွင်းစွာ ဖော်ပြထားသော အကြောင်းအရာများ ပါရှိခဲ့ပါက ထပ်မံ ရှာဖွေ လေ့လာရန်လို အပ်သော မိမိ၏ လိုအပ်မူ့ သာ ဖြစ်ပါကြောင်း ဝန်ခံအပ်ပါသည်။ )

          ဦးပုညကို စလေမြို့ ၊ တိုက်စုရပ်တွင် ၁၁၇၄-ခုနှစ်၊ ကဆုန်လဆန်း ၁၃-ရက်၊ ကြာသပတေးနေ့  မွန်းတည့်ချိန်တွင် ဖခင် ဦးမြတ်စံ နှင့် မိခင် ဒေါ်လှရင်တို့ မှ ဖွားမြင်သည်။ ဖခင်မှာ မြို့စား၊ ရွာစားမျိုးရိုးမှ ဆင်းသက်၍ ဟံသာဝတီမင်း၏ မင်္ဂလာအိမ်တော်တွင် အကြီးတော်အဖြစ်ဖြင့် ရေးသားအမူတော်ထမ်းသည်။ မိခင်မှာ စလေ-ပုခန်းငယ်၊ မြို့ သကြီးသမီး ဖြစ်သည်။   ဦးပုညတွင် မောင်လှိုင်း ဟုခေါ်သော ညီ တစ်ယောက်လည်း ရှိသည်။

          ဦးပုည ဖွားမြင်သောနေ့ တွင် ဒုတိယ ကြက်သွန်းခင်း ဆရာတော် နှင့် မုံရွေး ဆရာတော် တို့ သည် ရွှေစက်တော်မှ အပြန်တွင် အိမ်သို့ ကြွလာကြသည်။ လက္ခဏာသွင်ပြင်ကို ကြည့်ပြီး ပညာရှိဖြစ်လိပ်မည်၊ လောကီရေးရာတွင် ကျော်စော ထင်ရှားလိပ်မည်။ ဗေဒင်အလိုအရ ဥပစ္ဆေဒကံ မကင်းတတ်သဖြင့် လောကီ၊ လောကုတ္တရာ နှစ်ဖြာပြီစေရန် ရဟန်ပြုသင့်ကြောင်း ဟောပြော၍ ပြန်ကြွသွားလေသည်။

          မိဘတို့ သည် စလေမှ အမရပူရမြို့ ရှိ သာယာဝတီမင်း အိမ်တော်သို့  အခစား ဝင်ရန် သွားသောအခါ နှစ် နှစ်သားအရွယ် ဦးပုည ကိုပါခေါ်သွားသည်။ အိမ်တော်ရှိ စည်ရုံးတွင် ခေတ္တ သွားရောက် ကြည့်ရူ့ ရာ ဦးပုည ဖြစ်လာမည့် ကလေးငယ်မှာ စည်ကြီးများကို ပုတ်ခတ် ကစားလေသည်။  သာယာဝတီမင်းက အမည်  ပေး၊ မပေးပြီကို မေးလေရာ မပေးရသေးသဖြင့် စည်းပုတ် ကစားခြင်းသည် ကဗျာ လင်္ကာမှစ၊ ပညာလုံးစုံ တတ်မည့် နိမိတ်ဖြစ်ကြောင်းနှင့် မောင်ပုတ်စည် ဟု တွင်စေရန် အမည်ပေးလေသည်။

          ၆-နှစ် ရွယ်တွင် စလေမြို့  တူမောင်း ဆရာတော် ဦးဒီပထံ တွင် ကျောင်းအပ်လေသည်။ ဤအသက် အရွယ်နှင့်ပင် ဓဇဂ်သုတ်ကို ပီပီသသ ရွတ်အံ ပြန်ဆိုနိုင်သည်။  ခုနှစ်၊ ရှစ်နှစ်သား အရွယ်တွင် သဒ္ဒါနှင့် အဘိဓမ္မာ သဂြိုဟ်ကျမ်းများကို သင်ကြားရလေသည်။ ထိုနောက် ဆရာတော် ပျံလွန်သဖြင့် ရှစ်လ စာဝါပျက်ပြန်သည်။ ခင်ကြီးစသည် လည်း ငယ်ဆရာ တစ်ပါးဖြစ်ပြီး၊ ကြီးဆရာများမှာ ဗန်းမော် ဆရာတော်၊ စလေ ခင်ကြီးသာ၊ ပုဂံရွှေကျောင်းနေ ဒလခင်ကြီးတို့ ဖြစ်သည်။ (ရှေးက ဘုန်းတော်ကြီးများကို ခင်ကြီး ဟု ခေါ် ဝေါ်သုံးစွဲးသည်။)

          အသက် ၈-နှစ်တွင် သာယာဝတီမင်းက စေလွှတ်သဖြင့် ဗန်းမော်ဆရာတော်ထံ အပ်နှံရာ ရဟန်း ဝတ်စေသဖြင့် ရှင်ပုည ဘွဲ့ ဖြင့် သာမဏေဘဝတွင် သုတ်၊ ဝိနည်း၊ အဘိဓမ္မာကျမ်းများကို ပေါက်မြောက်အောင် သင်ယူစေလေသည်။  တဖန် ပိဋကတ်၊ ဗေဒင်၊ ကဗျာ၊ လင်္ကာရေး၊ တောလားရေးတို့ ကိုပါ သင်ကြား တတ်မြောက် ကျွမ်းကျင်လေသည်။  သာယာဝတီမင်း ရွှေဘိုကြွသောအခါ ဖခင် ဦးမြတ်စံသည် နောက်တော်ပါးမှ လိုက်ရင်း လမ်းခရီးတွင် တိုက်ခိုက်သူ ထူပြောသဖြင့် သရိုင်နယ်တွင် သေဆုံးသွားသည်။ မိခင်သည် ဖခင်ခရီးထွက်သဖြင့် စလေသို့ ပြန်ရာ၊ ရှင်ပုညမှာလည်း အမိနှင့် လိုက်၍ တူးမောင်းဆရာတော်၏ တပည့်များထံတွင် နေထိုင်လေသည်။ မိခင်မှာလည်း စလေရောက်ပြီး ၅-လ အကြာတွင် အနိစ္စရောက်သည်။  တဖန် အမရပူရမြို့ ၊ ဗန်မော်တိုက်သို့  ကြွ၍ နေလေသည်။


          ရှင်ပုညကို စလေ-ပုခန်းငယ် မြို့ နယ်နှစ်ခုကို အုပ်ချုပ်သော မြို့ အုပ်မင်းက ရဟန်းခံ၍ ရဟန်းပြုလေသည်။  ထိုစဉ် ဒယကာမများ အဝင်၊ အထွက်များသဖြင့် ရဟန်း ဒယကာက ယုံမှား သံသယ ဖြစ်သဖြင့် မြို့ အုပ်မင်းထံ မေတ္တာစာပို့ လေသည်။  ရဟန်းဘဝမှထွက်၍ ဟံသာဝတီမင်း နန်းတက်သော မင်းခစား ဖြစ်လာလေသည်။ တဖန် ရန်ကုန်မြို့  ဗဟန်းကျောင်းတွင် ရှင်ဝတ်ပြန်လေသည်။ ဗဟန်းကျောင်းမှ ရဟန်း၊ သီလရှင်တို့ နှင့် မတည့်သဖြင့် အမရပူရ ဗန်းမော်တိုက်တွင် နေထိုင်လေသည်။

          သာယာဝတီမင်း ကံတော်ကုန်သော်၊ ပုဂံမင်း နန်းတက်သော ကာလတွင် စလေ ဆရာဘုန်းကြီးကျောင်တွင် နေသည်။ နောင်သော် မင်းတုန်းမင်းနှင့် ကနောင်မင်းတို့ အိမ်တော်တွင် အမူတမ်းပြီး မိဘမျိုးရိုးဖြစ်သော မြို့ သူကြီးရာထူးကို ရရန် အားထုတ်ဆဲတွင် ဦးရီးတော်သူ မင်းကြီး ဦးပွှား ဆုံးပါးသဖြင့် ရာထူးကို မရတော့ပေ။ မင်းတုန်းမင်းနှင့် ကနောင်မင်းတို့  နန်းတက်သော အချိန်တွင် ဗန်းမော်ကျောင်းတွင် ပုန်းအောင်နေထိုင်၍ ဗေဒင်၊  ရတု၊ ရကန် နှင့် ဆေးကျမ်းတို့  ရေးနေလေသည်။

          မင်းတုန်းမင်းသည် မန္တလေးအရပ်တွင် မြို့ တည်ရန် အခါပေးစေလိုသောကြောင့် ဦးပုညကို ရှာဖွေကြလေသည်။

ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ

Friday, May 27, 2011

သြ . . . စိတ်နှယ်

          လူကြီးတွေပြောသောစကား တစ်ခွန်းကို ငယ်ငယ်ကပင် ကြားဘူးခဲ့သည်။  လူတစ်ယောက်ဖြစ်ဖို့ ဆိုတာ ကောင်းကင်က ပစ်လွတ်လိုက်သော အပ်တစ်စင်းနှင့် မြေပြင်မှပြစ်လွတ်လိုက်သော အပ်တစ်စင်း တစ်ခုနှင့် တစ်ခု တွေ့ စုံရန် ခက်ခဲသည်ထက် လူဘဝကို ရဘို့ က ပိုခက်သည် ဆိုသော စကားလေး တစ်ခွန်းပါ။ ဘုရားဟောလား၊ ဘာလားတော့ သေချာမသိပါ။  မေမေက ပြောပြတာလို့ တော့ မှတ်မိသည်။

          ဟာ ဒီလိုဆို လူပြည်မှာ လူတွေမှ အများကြီးလို ပြန်ပြောကြလေမလား? ဟုပ်တော့ ဟုပ်ပါသည်။ လူတွေတင်လား?  ဒီနေရာမှာ  ကိုယ်မသိသေးသော တိရိစ္ဆာန် အမျိုးအစားတွေ၊ အရေအတွက်တွေ မှ အများကြီး၊ ဒါက လက်တွေ့ မြင်ရတာပဲ ရှိသေးတာ။ ကိုယ့် ခန္ဒာကိုယ်ထဲမှာ နေထိုင်သော သတ္တဝါတွေ ဘယ်လောက်များ ရှိနေကြသလဲ။ ဘယ်သူမှ တိတိကျကျ အဖြေပေးနိုင်မယ် မထင်ဘူး။ ဘုရားကလွဲးလို့ ပေါ့။

          မမြင်နိုင်တဲ့ ဘုံ၊ ဘဝတွေ ရှိသေး သတဲ့။ ဒါလည်း ငြင်းစရာလိုမည်မထင်။ မမြင်နိုင်သော ဘုံးသားတွေ ရှိနေတာပဲ။ ကိုယ်နဲ့  အနီးဆုံးကတော့ ပြိတ္တာဘုံသားတွေ ပေါ့။ လူတွေ ခဏ၊ ခဏ ကြောက်နေ၊ ခြောက်လှန့်  ခံရတယ်လို ယူဆနေတဲ့ အရာတွေပေါ့။  မမြင်နိုင်တာ၊ မနီးစပ်တာတွေကတော့ အထက်မှာဆို နတ်ပြည်၊ ဗြဟ္မာ့ပြည်  အဲ အောက်မှာ ဆိုရင်တော့ ငရဲကြီး ရှစ်ထပ်လို့  ဘုရားဟောပြော ညွှန်ပြခဲ့တာပဲ။  အဲဒီမှာ ရှိတဲ့ သူတွေနှင့်စာတော့ လူပြည်က လူတွေဆိုတာဟာ သဲချောင်းထဲမှာ ရှိတဲ့ သဲပြင်တွေထဲက သဲလက်တစ်ဆုပ်စာလောက်သာ ရှိတော့မပေါ့။ ဟုပ်ဘူးလား? ။ (:D)

          လူဘဝကိုယ် လူတွေဟာ ခဏအလည်လာတာတဲ့။  တချို့ ဆင်းရဲတဲ့ မိသားစုတွေမှာ ဘယ်လို့ များ  မွေးထားတယ် မသိဘူး။  ကလေးတွေ မွေးထားလိုက်တာများ အရွယ်စုံ ဆိုဒ်စုံပဲ။  သူတို့ ကို အပြစ်ပြောတာ မဟုပ်ပါဘူး။  ဟုပ်တယ်လေ  သူကံ နဲ့ သူကိုး ။   တချို့ မိသားစုများကြတော့လည်း လင်ကိုယ်၊ မယား နှစ်ယောက်ထဲ သား၊ သမီး မထွန်းကားတာလား၊ ဒါမှမဟုပ် မယူတာလား မသိပါဘူး ပြီတော့လည်း ချမ်းသာကြတယ်။ တချို့  အဲလိုလူတွေက ကျိတ်ကျိတ်တက် ချမ်းသာတာတွေလည်း ရှိပေါ့။    တချို့ ကတော့ လူရော၊ ငွေရော ချမ်းသာတယ်။  ပိုက်ဆံချမ်းသာ သလောက် လူအင်အား(သား၊ သမီးကလည်း)  အတောင့်ပဲ။

          ငယ်ငယ်တုံးကတော့ ဒါတွေဟာ ဘာကြောင့် ဖြစ်ရတယ်လို့  မသိပေါင်၊ စဉ်စားလို့ တောင် မတတ်ပါဘူး။  ကြီးလာတော့ စာတွေမျိုးစုံအောင် ဖတ်၊  တရားတွေမျိုးစုံနာ(တရားပွဲ၊ စာပေဟောပြောပွဲး ၊ ကျောင်းမှာ ဆရာ၊ ဆရာမတွေ သွန်သင်ဟောပြော၊ ဆုံးမတဲ့  ပွဲးတွေအားလုံးပေါ့)။ ဟိုလူမေး၊ ဒီလူမေးလည်း မေးတာပဲ မေမေ နှင့် ဖေဖေရော၊ အမျိုးတွေရော မကျန်၊ တွေ့ သမျှ အကုန်မေးတာ။ အသက်လေး နည်းနည်းကြီး ၊ အရွယ်လေး နည်းနည်းရလာမှ ဖတ်ရင်း၊ နာရင်းက သိလာရတယ်။

          ကြာနီကန် တရားတွေ ငယ်ငယ်ကနားဖူ၊ ရီဖူ ပေမယ့် ဒီအခွေပဲ မပါတာလားတော့ မသိဘူ၊  ခုမှ ပြန်နာရင်းကနေ သိရတာ။  အလှူဒါန ပြုတဲ့ နေရာမှာ အလှူလုပ်ဖို့  နိုးဆော်သူတွေက သား၊ သမီးတွေ ရနိုင်သတဲ့။ များများ နိုဆော်လေ၊ များများ ကလေးရလေ နေမှာပေါ့။  ကိုယ်တိုင် ပါဝင်လှူဒန်းသူကတော့ ချမ်းသာခြင်း အကျိုးကို ခံစားရသတဲ့။ ကိုယ်တိုင်လဲလှူ၊ သူများကိုလည်း လှူဒန်းဘို့ ရာ တိုက်တွန်းတဲ့သူကကြ သား၊သမီး လည်းရ၊ ပစ္စည်းဥစ္စာလည်း ချမ်းသာလို့  ဆိုပါတယ်။   ဒါကြောင့်မို့  ကိုယ်တိုင်မလှူပဲ၊ သူများတွေလှူဖို့ ရာတိုက်တွန်းသူတွေက ပိုက်ဆံမချမ်းသာပေမယ့်၊ ကလေးတွေ ချမ်းသာကြတာကိုး လို့  မှတ်သားမိ လိုက်ပါတယ်။

          အင်း အဲဒီတော့ကာ လူတွေအဖို့ မှာ ကိုယ်လိုခြင်သလောက်သာ နိုင်ချိန်ပြီး တိုက်တွန်းရမလို ဖြစ်နေတာပေါ့။  များများချမ်းသာခြင်ရင် အကျင့်သီလနှင့် ပြည့်စုံတဲ့ အရှင်သူမြတ်များကို များများလှူရမှာပေါ့။  ဒါပေမယ့် လူဆိုတာ အခက်သားလား၊ ခုဘဝ ရှိတာကို မတွန့် တိုပဲ လှူနိုင်သူက ရှားသားပဲ။ သဒ္ဒါတရားလည်း ပြည့်စုံမယ် လှူဒန်းမယ့် ပုဂ္ဂိုလ်ဟာလည်း အကျင့်၊သီလကောင်းသူ ဖြစ်မယ်ဆိုရင် လှူဒန်းသူအဖို့ မှာ အကျိုးများမှာတော့ အမှန်ပေါ့။ ဒါပေမယ့် သံသရာပြတ်အောင်ကတော့ ဘာဝနာကသာ တတ်နိုင်ပြန်ရော။

          အင်း တနံ၊ တလျှားကို တွေးပစ်လိုက်တာ။ အဲဒီမှာတင် ချာချာလည်နေတော့တာပဲ။  ဝင်ငွေရတဲ့ အလုပ်ကို ကြာကြာပြစ်ပြီ တရားအလုပ်လုပ်နိုင်သူတွေ ရှိတော့၊ ရှိတယ်  ရှားတယ်လေ။  ဘုန်းဘုန်းတို့ ကတော့ ဟောပါတယ် ၁၅ မိနစ်တတ်နိုင်၊ တတ်နိုင်   နာရီဝက်တတ်နိုင်၊ တတ်နိုင် တတ်နိုင်သလောက်ကလေး တရားအလုပ်လုပ်ကြပါတဲ့။ ဘယ်လိုထိုင်ရမယ်လို့  ညွှန်ပြသူများနှင့် စပြီးမှတ်မှ၊ ထိုင်မှ   နောက်တော့ ကိုယ်ဘာသာ စမ်းထိုင်နိုင်မှာလေ။ စဘို့ ကခက်နေလို့ ပါ။ စပြီးရင် ဆက်ကြိုးစားရမှာပေါ့ တရားထိုင်မြဲအောင်။  အင်း စဉ်စားလာရင်းက ကိုယ့်အသက်ကြည့်လိုက်တော့ ဘဝလမ်းက တဝက်ကြိုးနေပြီ။

          အင်း လူတွေများ သေရမှာသာ ကြောက်ကြတာ၊ မသေခင်မှာ ကိုယ့်အတွက် ပြင်ဆင်နိုင် တာတွေကြတော့ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ  နဲ့  နေ့ ရွေ့ ၊ ညရွေ့ လုပ်နေရတာနဲ့  သေတော့မှ ဘာမသိ၊ ညာမသိ ကမန်းကတန်းသေရရင်တော့ မချောင်ပါဘူ။ ကိုယ့်ဘာသာပြောတာပါ(:D)။ လှူတာလဲလှူတာပေါ့၊ တိုက်တွန်းတာလဲ တိုက်တွန်းတာပေါ့၊  အရေးကြီးတာက အထုံလေးပါအောင် တရားစခန်းတော့ သွားအုံးမှ။  အင်း တရားစခန်း တခါဝင်ဘို့  တွေးလိုက်တာကို အရှည်ကြီးပါပဲ။  အင်း လာမယ့် နိုဝင်ဘာ တရားစခန်းကို ဝင်ဘို့  စာရင်းပေးဘို့  ဆုံးဖြတ်လိုက်ပါပြီလေ။  ဗုဓ္ဒဘာသာဝင်တွေလည်း ကိုယ်နောက်ပါမယ့် တရားကို ရှာနိုင်ကြဘို့  တိုက်တွန်းလိုက်ပါတယ်နော် ။          :D

Monday, May 23, 2011

အချစ်၊ အမုန်းတို ကြားမှ . . . . .



          ကျမဟာ အချစ်နှင့် အမုန်းများကို ပိုင်ဆိုင်သော လူနှစ်မျိုး၊ နှစ်စားကြားမှာ နေထိုင်နေခဲ့သော လူတစ်ယောက်သာ ဖြစ်ပါသည်။   ကျမမှာ ကျမကို ချစ်တဲ့သူတွေလည်း ရှိပါသည်။ မုန်းတဲ့သူတွေလည်း ရှိပါသည်။ မချစ်၊ မမုန်းတဲ့သူ မရှိဘူးလားဆိုတော့ ဒီလို လူမျိုးတွေလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် မချစ်၊ မမုန်းသူများသည် လည်း ကိုယ်နှင့် ပတ်သတ်ရန် မရှိတာသာ ဖြစ်ဖို့ များပါသည်။  ချစ်သူတွေသည် မိသားစုဝင်တွေ၊ အိမ်မှမွေးမြူ ထားသော တိရိစာန်လေးတွေ နှင့် ပတ်ဝန်းကျင်မှ သူငယ်ချင်း အပေါင်းအသင်းတို့  တွေသာ ဖြစ်ဘို့  များပါသည်။  မုန်းသူဆိုသည်မှာ ကိုယ့်အားသာချက်ကိုပဲဖြစ်ဖြစ်၊ ကိုယ့်အားနည်းချက်ကိုပဲဖြစ်ဖြစ် မနှစ်သက်နိုင် သောသူ  ဘဝအဆက်က ရန်ညိုးရှိသူများသာ ဖြစ်ပါလိမ့်မည်။ တချို့ မှာ သူငယ်ချင်း အမည်ခံသော ပြိုင်ဘက်များဖြစ်ကြပါသည်။  ဒါပေမယ့် သေခြာတာ တစ်ခုကတော့ ကျမကတော့ ဘယ်တော့မှ ဘယ်သူ့ ကိုမှ မပြိုင်တာတော့ သေခြာပါသည်။

          ကျမကိုယ် ကျမလည်း မပြိုင်ပါ။ ပြိုင်စရာလဲ မရှိပါ။  ကိုယ့်ပန်းတိုင်တွေကို ဒါမလုပ်နိုင်သေးလျှင်၊ လုပ်နိုင်သော အရာတစ်ခုကို ပြောင်းလုပ်လိုက်မည်ပေါ့။ ဒါပေမယ့် မူလပန်းတိုင်ကတော့ ရင်ထဲမှာ သိမ်းထားဦး မည်သာ။  လုပ်နိုင်တဲ့ အချိန်မှာ လုပ်မှာပေါ့လို . . . စိတ်ထဲမှာ ရှိနေပါသည်။  ကျမကိုယ် ချစ်တဲ့၊ ဒါမှမဟုပ် နားလည်းပေးနိုင်သော သူကိုယ် ကျမတန်ဖိုးထားမည်သာ။  ကျမကို မုန်းသော၊ မလိုသော၊ ပြိုင်ဆိုင်သော ပတ်ဝန်းကျင်ကိုလည်း ကျမအနေနှင့် မုန်းတီးနေမည်မဟုပ်ပါ။  တစ်ခါတစ်ရံ သူတို့ တွေရဲ့  သဘောထား၊ တုံပြန်မူ့ တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရင်တောင် ကျမ ကြိုးစားမေ့ပစ်လိုက်တာက များပါသည်။ မမေ့နိုင်ခင်မှာ ပြန်တုံပြန်မူ့ တွေလည်း ရှိနိုင်တာပေါ့။ ကျမက ပုထုဇဉ်ပဲ ..  ..  .. ဒါပေမယ့် သံသရာ မသယ်လိုပါ။

          မိသားစုထဲမှာလည်း ကိုယ့်ကို မချစ်သူတွေရှိနိုင်တာပေါ့။  ဒီဘဝမှာ ဆွေရယ်၊ မျိုးရယ်ဖြစ်နေပေမယ့် အရင်ဘဝက ရန်သူဖြစ်နိုင်တာကိုး။  ဒါလေးကို ကျမဘာကြောင့် တွေးမိရသလဲ ဆိုတော့ ဘုရားရဲ့  တပည့် သာဝကာမတစ်ဦးဖြစ်လာသည့် ပဍာစာရီဇာတ်ကို ကြားဘူတာကိုး ။  ပဍာစာရီမဖြစ်ခင် ကမ္ဘာပေါင်းများစွာက ဘဝတစ်ခုမှ ပဍာစာရီလောင်း အမျိုးသမီးဟာ ကုန်သည်အလုပ်နဲ့  အသက်မွေး ဝမ်းကြောင်းပြုခဲ့ပါတယ်။  တစ်နေ့ မှာ ကုန်ကူးသွားရင် လမ်းမှာ ဒမြတိုက်ခံရတယ်။ လူအင်အား၊ လက်နက်အင်းအားနှင့် တိုက်တာဆိုတော့ သူတို့  ဝယ်လာသမျှကုန်တွေ အကုန်ပါသွားသည်။  လူတွေကိုလည်း ရိုက်နှက်ထားခဲ့ကြသည်။

           အဲဒီအချိန်မှာ လူလည်းနာ၊ အရင်းအနှီးတွေလည်းဆုံးတော့ ဒီအမျိုးသမီးဟာ ဒမြတွေကို ကျိန်ဆဲပါသတဲ့။ ဘယ်လို ကျိန်လဲဆိုတော့ ဒမြတွေ အသေးဆိုးနဲ့  သေတာကို မြင်ပါစေလို့  ရင်ထဲကနေ လိုက်လိုက်လဲလဲ ကျိန်လိုက်ပါတယ်။ ပဍာစာရီလောင်း အမျိုးသမီးဟာ သီလနှင့် ပြည့်စုံပြီး မိဘလုပ်ကျွေးနေသော သတို့ သမီးငယ်ဖြစ်တော့ သူမဆုတောင်းဟာ ပြည့်ခဲ့သတဲ့။ ဘယ်ဘဝမှာလည်းဆိုတော့ ဗုဓ္ဒဘုရားရှင်လက်ထက် မှာပေါ့။ အဲဒီ ဒမြတွေဟာ ဘယ်သူတွေလည်း ဆိုတော့ သူမရဲ့  မိဘနှစ်ပါး၊ အကိုနှစ်ယောက်၊ ခင်ပွန်းနှင့် သားနှစ်ယောက်ပါပဲ။ 

          ဒါကြောင့် သူမဆုတောင်း အတိုင်းပဲ သူမ မျက်စိရှေ့ မှာပဲ သူမ ခင်ပွန်း ကိုဒါသ မြွေပေါက်ပေမယ့် တန်းမသေ သေးပဲ သူမနှင့်တွေ့ ပြီး လက်ပေါ်မှာ သေရတယ်။  သားအကြီးဟာလည်း တောင်ကျ ချောင်းရေထဲ မျှောပါသွားတာကို တွေ့ ရလို့  ချောင်းအလယ်ပြေးတုံး၊  သောင်ပြင်ပေါ် ချထားတဲ့ သားအငယ်ဟာလည်း စွန်ရဲက သားထစ်အမှတ်နှင့် ချီပြေးပြန်တယ်။  တစ်ခါရေလည်က ပြန်ပြေးပြီ ချောက်ပြန်တော့ မမှီတော့ဘူး။  မီးတွင်းကထွက်လာစ မိန်းမတစ်ယောက်အနေနှင့် ခံစားရတာကို မိဘတွေ ရှိသေးတယ်ဆိုပြီ နှစ်သိမ့်စိတ်နှင့် အိမ်ရောက်အောင်ပြန်တော့ သူမရှေ့ မှာပင် အိမ်ကို မိုးကြိုးပစ်လို့  အိမ်မီလောင်ပြီး မိဘနှင့် အကိုတွေ အလောင်းကို မြင်ရတော့ သူမဆောက်တည်ရာမရ သွပ်သွပ် ခါအောင်ရူးသွားတော့သည်။

          ဒါပေမယ့် သူမဟာ ပါရမီဥာဏက် ရင့်သန်ပြီးသူ၊ ကျွတ်တန်းဝင်ရမည့် ဘဝဖြစ်လေတော့ မြက်စွာဘုရားရှင်နှင့် ဖူးတွေ့ ခွင့်ရခဲ့ပြီး၊ အဲဒီဘဝမှာပဲ ဂုဏ်ထူးဆောင် ရဟန်တာမအဖြစ် ကျွတ်တမ်းဝင်ခဲ့ပါတယ်။ 

          ကျမတို့ တွေလည်း ကိုယ်ပြုသည့်ကံ ကိုယ်ဆီသာ ပြန်လာကြသည်။ ဘုရားရှင်က ယက်ကန်းသည် မလေးကို မေး၍ ၊ ယက်ကန်းသည်မလေးက ပေးသော အဖြေလိုပဲ
ဘုရားရှင်                   ` သင်ဘယ်ကလာသလဲ`
ယက်ကန်းသည်မလေး   ` မသိပါ ဘုရား`
ဘုရားရှင်                    ` သင်ဘယ်ကို သွားမှာလဲ`
ယက်ကန်းသည်မလေး     ` မသိပါ ဘုရား`
ဘုရားရှင်                  ` သင် မသိသလော`
ယက်ကန်းသည်မလေး   ` သိပါသည် ဘုရား`
ဘုရားရှင်                  ` သင် သိသလော`
ယက်ကန်းသည်မလေး   ` မသိပါ ဘုရား `  ဆိုသော ဇာတ်တော်လိုပင် ဖြစ်နေကြသည် မလား ?

          ဒီဇာတ်တော်မှာ ဘုရားရှင်က `ဘယ်ကလာ သလဲ`  ဆိုသည်မှာ ဘယ်ဘဝက လာသလဲလို့  မေးကြောင်း  ယက်ကန်းသည်မလေးက ဥာဏ်ဖြင့် စဉ်ခြင်သိလို ` ဘယ်ဘဝက လာကြောင်း မသိပါလို့ ` ဖြေတာပါ။
          ဘုရားရှင်ကပင် ` ဘယ်ကိုသွားမှာလဲ` မေးတော့  ဘယ်ဘဝကို သွားမှာလဲ၊ သိလားလို့   သိမြင်တဲ့ ယက်ကန်းသည်မလေးဟာ ဘယ်ဘဝကို သွားရမည် မသိပါလို့ ဖြေတယ်။
          တဖန် ဘုရားရှင်က ` သင် မသိသလော` ဆိုတာက သင်သေမည်ကို မသိသလော လို့  မေးတာပါ။  ဒီအခါမှာ ယက်ကမ်းသည်မလေးက သေမည်ကို သိကြောင်း ပြန်လျှောက်တာပါ။
          နောက်ဆုံးမှာ ` သင်သိသလော` ဆိုတာကတော့ ဘယ်အချိန် သေမယ်ဆိုတာ သင်သိသလား လို့  မေးတာသာ ဖြစ်ပါတယ်။ ဒါကြောင့် ယက်ကမ်းသည်မလေးသည်။ ဘယ်အချိန် သေရမည်ကို မသိပါဘူးလို့  ပြန်လျှောက်ထားတာ ဖြစ်ပါတယ်။

          ဘုရားရှင်နှင့် ယက်ကန်းသည်မလေးတို့ သည် ပြသနာကို ဖြေရှင်းနိုင်ကြပေမယ့် ကျမတို့ ကတော့ သိခြင်း၊ မသိခြင်း ကြားမှာ အချစ်တွေ၊ အမုန်းတွေနှင့် နေထိုင်နေကြရပါသည်။  ကိုယ်စိတ်ထားမူ့ သည် ကိုယ့်ဆီပြန်လာမည်ဆိုပါလျှင် ဘယ်လိုပြန်လာတာကို လိုခြင်ပါသလဲလို့  ကျမဘာသာတွေးမိတော့ မှန်ထဲမှာ ပြုံးပြနေသော ပုံရိပ်သာ ဖြစ်စေလိုပါသည်။  ဘာသာမတူသူများ ဖတ်မိခဲ့ရင်လည်း ဗဟုသုတ၊ ပုံပြင်တစ်ခုလို ဖတ်သွားစေခြင်ပါသည်။