အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Wednesday, June 22, 2011

စလေဦးပုည (အပိုင်း - ၂)


                     အပိုင်း-၁ မှာ တင်ခဲ့တဲ့ ပုံက ကိုယ်တိုင်ရိုက်လာတာမို့  အဖြစ်ပါ။ ဒီပုံက သူများဆိုဒ်မှာ တင်ထားတဲ့ ကျွမ်းကျင်သူရဲ့ လက်ရာမို့  ပုံကောင်းပါ။ ဓါတ်ပုံကို တွဲးပြခြင်လို့  ယူသုံးထားတာမို ခွင့်ပြုနိုင်ရင် ခွင့်ပြုဘို့  ဒီနေရာက တောင်ပန်ပါတယ်နော်။

                       ဒါက ဦးပုည ငယ်စဉ် ရှင်ဝတ်စဉ်က နေထိုင်ခဲ့၊ စာကျက်ခဲ့တဲ့ စလေက ဘုန်းကြီးကျောင်းပုံပါ။ အတွင်းမှာတော့ အလင်ရောင်ဝင်စရာ လုံလောက်မူ မရှိလို့  အတော်လေး မှောင်ပါတယ်။   ပုဂံခေတ်ကတည်းက စလေမြို့ ဟာ တည်ရှိခဲ့တာမို့  ဒီဘုန်းကြီးကျောင်းဟာ ပုဂံခေတ်လက်ရာလို ယူဆစရာရှိပါတယ်။ အတိအကျတော့ မသိပါဘူး။ 


---------------------------* ----------------------------------------------------*------------------------


          အမူထမ်း မောင်ချစ်တီး ဆိုသူက ဦပုည သည် ဗန်းမော်တိုက်တွင် ရှင်သာမဏေပြုနေကြောင်း လျှောက်ထားသဖြင့် ရှေ့ တော်သို့ ပင့်ရသည်။ မန္တလေးတောင် အရပ်တွင် မြို့ တည်လို၍ အခါပေးရန် ပြောဆိုရာ ၁၂၁၈-ခု တွင် မြို့ တည်ရန် နှင့် ဗေဒင် ကိန်းခန်းအရ အင်္ဂါနံ ညောင်ပင်များကို တံခါးဝ နှင့် လမ်းဆုံတို့ တွင် စိုက်လျှင် အောင်မြင်မည့်အကြောင်း အခါပေးဆက်လေသည်။ မဟာရာဇဝင်တော်ကြီးတွင် ပြထားသော မြို့ နန်းတည်ရာတွင် အခါပေး ကြီးမှူးသူများ စာရင်တွင် မပါဝင်ဟုလည်း ဆိုသည်။ ( ဦးပုညသည် ဗေဒင်ပညာတတ်ကျွမ်း သဖြင့် ရှေ့ ကလည်း ရဟန်းဝတ်နှင့် ဒကာမတို့  ဝင်ထွက် မေးမြန်းကြသဖြင့် ရဟန်ဒယကာက သင်ကာမကင်း၍ လူဝတ်လဲ ရသည်။ နောက်တွင်လည်း ထိုပညာရပ်နှင့်ပင် အသက် အန္တရာယ်ကြုံရလေသည်။ )

          မင်းတုံးမင်းသည် မြောက်ဥယျာဉ်တော်တွင် ဝါသနာအလျှောက် အဂ္ဂိရတ်ထိုး ရာ မြို့ ဝန် ဦးသာအို က ရှင်ပုည သည် အဂ္ဂိရတ်တွင် များစွာကျွမ်းကျင်ကြောင်း လျှောက်သဖြင့် ရှေ့ တော်သို့  ပင့်သဖြင့် ဦးပုညက အဂ္ဂိရတ်အကြောင်း နက်၊ နဲ၊ ဆစ်ပိုင်း ကျနစွာ လျှောက်လေသည်။ မင်းတရားကြီး က သင်္ကန်ဝတ်ဖြင့် နေသည်မှာ ဘယာကြောင့်လော၊ သဒ္ဒါကြောင့်လောဟု မေးလေသည်။  နှစ်မျိုးလုံးကြောင့် ဖြစ်ကြောင်း ပြန်လည်လျှောက်ထားလေသည်။ ( ဦးပုညသည် လူဝတ်ကြောင်များနှင့် ပတ်သတ်သော ပညာများတွင် ပို၍ ကျွမ်းကျင်ကြောင်း တွေ့ နိုင်လေသည်။)  များမကြာမီပင် လူထွက်လေသည်။

          ထိုနောက် ကနောင်မင်းထံ ခစားရာ ကနောင်မင်း အလိုရှိ၍ သင်ဂြိုဟ် ကိုးပိုင်းသရုပ် တေးထပ်များကို ရေးသားဆက်သွင်းရသည်။ ၁၂၁၄-၁၅ ခု ယိုးဒယား ဇင်းမယ်ကို နိုင်သည့်အတွက် မင်းတရားကြီး အမိန့် အရ ယိုးဒယားနိုင် မော်ကွန်းကို ရေးသားရသည်။ နန်းတွင်းမိဘုရား အချို့  အကျင့်ဖောက်ပြား ကြသဖြင့် တားမြစ်ရန် ဦးပုည ကို ပဒုမဇာတ်(ပဒုမ ပေါင်တို) ကို ရေးစေပြန်သည်။ တဖန် မိဘုရားတို့ ကလည်း မိန်းမမြတ် ဖြစ်သော မဒ္ဒီမိဘုရား ပါဝင်သည့် ဝေသန်တရာဇာတ်တော်ကို ရွှေ၊ ငွေ များစွာ ပေး၍ ရေးခိုင်းပြန်သည်။ နောက်တွင် မင်းသားအချို့ နှင့် မြင်ကွန်း၊ မြင်ခုံတိုင်မင်းသားတို့  ဆိုးသွမ်းလွန်းသောကြောင့် ဆုံးမရန် ဝိဇယဇာတ်ကို ရေးရသည်။  ထိုမှ အစပြု၍ ရတု၊ ရကန်၊ ပြဇာတ်များကို သီးကုံးရေးသားကာ အမူထမ်းခဲ့ရသည်။( စလေဦးပုည သည် လက်ဖက်ရည်တော် ဆက်အဖြစ် မင်းတုံးမင်းထံတွင် ခစားရသည် ဟုလည်း ဖတ်ဖူးသည်။)

          မန္တလေးမြို့  နန်းတည်ပြီးသော် မင်းတုံးမင်းသည် သားတော် မလွန်မင်းသားအား အိမ်ရှေ့ စံပေးရန် စိတ်ကစားလေသည်။ ထုပ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ကနောင် အိမ်ရှေ့ စံမင်းက ယုံမှားသံသယ ရှိပြီး ညီတော်၊ နောင်တော် စိတ်မကြည်လင်ဖြစ်ခါ မဝင်၊ မထွက်ဘဲ နေကြလေသည်။ မင်းကြီးခေါ်သော်လည်း ကနောင်မင်းသားက မကြွသဖြင့် မင်းသား ငယ်စဉ်ကပင် စောင့်ရှောက်၊ မွေးမြုရသော စကြာဒေဝီ မိဘုရားခေါင်ကြီးအား ဖြောင့်ဖြစေရသည်။ ကနောင်မင်းသားကြွလာသဖြင့် မင်းတုံးမင်းက သားဆိုသည်မှာ လိုသလောက်ရကြောင်း၊ ညီတော်က နောက်ထပ် မရနိုင်ကြောင်း ဝမ်းနည်းစွာ မိန့် လေသည်။ (  :D  ) [မင်းတုံးမင်းလက်ထက် မင်းမူထမ်းတို့ သည် မိန်းမ (၂)ယောက်နှင့် အထက်တွင် ရှိသူများသဖြင့် လာဒ်စားကြလေသည်။]

          ကနောင်မင်းသားလည်း စိတ်အေးငြိမ်း၍၊ မှားလေခြင်းဟု နောင်တရပြီးသကာလ (ကျွန်ုတို့ ရှစ်တန်း ကျောင်းစာ အဖြစ် သင်ယူခဲ့ရသော) ` ရေသည် ပြဇာတ်` ခေါ် `ဂင်္ဂါမာလဇာတ်တော်` ကို ဦးပုညအား ရေးသား တင်ဆက်စေလေသည်။ နှစ်သက်လွန်း၍၊ ဇာတ်တော်ကို ရှေ့ တော်တွင်လည်း ဖတ်ရ၍၊ ပြဇာတ်လည်း အကြိမ်ကြိမ် ကပြရလေသည်။
[မှတ်ချက်။       ။ စလေ ဦးပုညသည် ညာလက်က အင်္ဂါချို့ ယွင်းနေသော်လည်း (ညာလက်တဖက်လုံး သိမ်နေသည် ဆို၏) ရှင်ဘုရင်ရှေ့ တော်တွင် လက်ရေးမြန်၍ လက်ရေး၊ လက်သား လှပသေသပ်စွာ ရေးသားတင်သွင်း နိုင်လေသည်။ ရှင်ဘုရင်ရှေ့ တွင် ရေးသား ပေးဆက်ရသော ပေစာကို ခေါင်းထက်ထားပြီး ရှင်ဘုရင်ဘက် လှည့်ကာ လက်ယာလက်ပေါ်ပေစာတင်လျှက် လက်ဝဲလက်ဖြင့် ကညစ်ကိုကိုင်ပြီး လျှင်မြန်စွာ ရေသားဖော်ပြရသည်။]

          မန္တလေးမြို့ ကို ၄-နှစ်ကြာ တည်ထောင်ပြီးနောက် မင်းတုံးမင်းက စလေဆရာဦးပုည အား မင်းလှ သင်္ခယာ ဟုသော ဘွဲ့ နှင့် ရွာစည်ရွာကို ပေးတော်မူသည်။ လစာငွေ တစ်နှစ် ၆၀၀-ကျပ်နှင့် အိမ်ဆောက်ရန် မြေနေရာလည်းပေးလေသည်။ ကိုယ်လက် အင်္ဂါချို့ ယွင်းနေသောကြောင့် မျိုးရိုး- သူကြီးရာထူး ရရန်ကိုကား မည်သူမှ လျှောက်ထားပေးခြင် မရှိပေ။ ၁၂၂၄-ခု တွင် အရှေ့ အရပ်မှစ၊ တောင်ဘက် သို့  နန်းတော်ပတ်လည် မြောင်းတူး၍ ကျုံးတွင်းရေးသွင်းသော် ရတနာနဒီ မြစ်တော် မော်ကွန်းကို ဦးပုညက ရေးဆက်ရာ ဆုလာဒ် များစွာရလေသည်။ (ငယ်စဉ် မောင်ပုတ်စည် ဘဝမှပင်၊ ဆုတော်၊လာဒ်တော် အမျိုးမျိုးကို မင်းညီ၊ မင်းသား၊  မိဘုရားနှင့် ရှင်ဘုရင်တို့ ထံမှ ပုံစံမျိုးစုံဖြင့် ရဘူးသည်။)

          မြင်ကွန်း၊ မြင်ခုန်တိုင်မင်းသားတို့  ခေါ်၍ ဗေဒင်မေးသည်ကို ဟော၊ပြော သဖြင့် ကနောင်မင်းသားက မင်းမှလွဲးပြီး မင်းသားတို့ ထံတွင် မခစားရန် တားမြစ်လေသည်။ မင်းခစားဖြင့် ရိုးဖြောင့်စွာနေပါက ဘေးမဲ့ရစေမည်ဟု နောင်တော်ထံ လျှောက်တင်ပေးသည်။ ထိုနောက် ဦးပုညသည် အမျိုးမျိုးသော ကဗျာတို့ ကို ရေးသားစီရင်လေသည်။ ထိုသို့ နေစဉ် မြင်ကွန်း၊ မြင်ခုံတိုင်မင်းသားတို့  ပုန်ကန်မူတွင် အခါပေးသောကြောင့် မင်းတုံးမင်းတရား အမျက်သင့် သဖြင့် မြို့ တော်ဝန် ဦးသာအိုးထံတွင် အကျယ်ချုပ်နှင့် အပ်ထား ခံရလေသည်။

            ဒီပုံက စလေဦးပုညရဲ့  လက်ရေးမူတွေ ထားတဲ့ ပြတိုက်ပုံပါ။

          မြို့ ဝန်မင်း၏ မယားငယ်များသည် ဗေဒင်မေးရန်၊ တေးထပ်ရေးရန် ဦးပုညထံ မြို့ ဝန်မရှိခိုက် ဝင်ထွက်ကြသည်။ ပေး၊ ကျွေးကြသည် ဆိုပါသည်။ မြို့ဝန်းဦးသာအိုးသည် မိမိ မယားငယ်များ အချင်းချင်း ကုန်တိုက်သဖြင့် သတ်ရန် ကြံစည်သည် ဆိုပါသည်။ နောက် ၅-လ ကြာမှ မင်းတုံးမင်းက စိတ်ပြေသဖြင့် ဦးပုညကို လွှတ်ရန် မိန့် ရာ ဦးသာအိုးမှာ အမိန့် ဖြင့် သူခိုး၊ ဒမြ ဖမ်းရန်သွားနေသဖြင့် ဦးပုညကို ကြည်ညိုသော ဦးသာအိုး၏ မိန်းမများက လုပ်ကြံပြီးပုံ အလုံစုံကို ပြောကြားလေသည်။ နံနက် ညီလာခံတွင် မြို့ ဝန် ဦးသာအိုး က ဦးပုညကို သတ်ပစ်ကြောင်းပြောသော် မင်းကြီးက လူကို ခွေးသတ်လေပြီတကား-ဦးပုညကို ငါနှင့် ညီတော် ဘေးမဲ့ပေးပြီး ဖြစ်တယ်။ ဦးသာအိုးထံ အကျယ်ချုပ် ထားခြင်းသာဖြစ်သည်။ မောင်သာအိုးသည် အလွန် မိုက်သောသူ ဖြစ်လေသည်ဟု၍ နှမြောစွာ မိန့် လေသည်။ (ဖတ်မိသမျှကို ရေးသားခြင်း ဖြစ်ပါသည်။ မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေရန် ရည်ရွယ်ရင်း မရှိပါ။)

          ဦးပုည၏ အထ္တုပ်ပတ်တိသည် ဒီမှာ ပြီးဆုံးသည်ဟု ထင်စရာ ရှိသော်လည်း ရတနာပုံ သတင်း အယ်ဒီတာ ဘိုးဝဇီရ ၏ ပြောကြားချက်နှင့် မြန်မာပြည်အောက်ပိုင်း ဗြိတိသျှကိုလိုနီ အဖြစ် သိမ်းပိုက်ပြီးချိန်တွင် ရောက်ရှိလာသော `ဂျိမ်းဂျော့ စကော`  သည် (စိန်ဂျွန်းကျောင်းတွင် ဆရာ နှင့် သတင်းထောက် အဖြစ် လုပ်ခဲ့ပြီး) `ရွှေရိုး` ကလောင်အမည်ဖြင့် ရေးသားခဲ့သော The Burma, His Life and Notions စာအုပ်များကို ကိုးကား၍ ဦးပုညကို လုပ်ကြံသူမှာ ဦးသာအိုး မဟုပ်ဟုလည်း ဆိုပေသည်။ တဖန် သူရိယ မဂ္ဂဇင်းတွင် (အမျိုးသား တက္ကသိုလ်၊ ရာဇဝင် နှင့် မြန်မာစာပြ) ဆရာ ဦးသက်တင်က ထိုစဉ်က ဆရာဦးပုည မသေကြောင်း အကိုးအကား အတန်စုံစွာဖြင့် ရေသားထားချက်တို့ ကို နောက်တပိုင်းတွင် ဆက်လက် ဖော်ပြပေးပါမည်။

O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O

2 comments:

ငွေလမင်း said...

တတ်သည့်ပညာ မနေသာ ဆိုပေမဲ့
အဲဒီပညာနဲ့ ပတ်သက်ပြီး သေရတာဆိုတော့ စိတ်မကောင်းပါဘူး

ကိုအောင်(ပျူနိုင်ငံ) said...

နောက်တစ်ပိုင်းကို မျှော်နေမယ် ...