အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Friday, May 27, 2011
သြ . . . စိတ်နှယ်
          လူကြီးတွေပြောသောစကား တစ်ခွန်းကို ငယ်ငယ်ကပင် ကြားဘူးခဲ့သည်။  လူတစ်ယောက်ဖြစ်ဖို့ ဆိုတာ ကောင်းကင်က ပစ်လွတ်လိုက်သော အပ်တစ်စင်းနှင့် မြေပြင်မှပြစ်လွတ်လိုက်သော အပ်တစ်စင်း တစ်ခုနှင့် တစ်ခု တွေ့ စုံရန် ခက်ခဲသည်ထက် လူဘဝကို ရဘို့ က ပိုခက်သည် ဆိုသော စကားလေး တစ်ခွန်းပါ။ ဘုရားဟောလား၊ ဘာလားတော့ သေချာမသိပါ။  မေမေက ပြောပြတာလို့ တော့ မှတ်မိသည်။
          ဟာ ဒီလိုဆို လူပြည်မှာ လူတွေမှ အများကြီးလို ပြန်ပြောကြလေမလား? ဟုပ်တော့ ဟုပ်ပါသည်။ လူတွေတင်လား?  ဒီနေရာမှာ  ကိုယ်မသိသေးသော တိရိစ္ဆာန် အမျိုးအစားတွေ၊ အရေအတွက်တွေ မှ အများကြီး၊ ဒါက လက်တွေ့ မြင်ရတာပဲ ရှိသေးတာ။ ကိုယ့် ခန္ဒာကိုယ်ထဲမှာ နေထိုင်သော သတ္တဝါတွေ ဘယ်လောက်များ ရှိနေကြသလဲ။ ဘယ်သူမှ တိတိကျကျ အဖြေပေးနိုင်မယ် မထင်ဘူး။ ဘုရားကလွဲးလို့ ပေါ့။
          မမြင်နိုင်တဲ့ ဘုံ၊ ဘဝတွေ ရှိသေး သတဲ့။ ဒါလည်း ငြင်းစရာလိုမည်မထင်။ မမြင်နိုင်သော ဘုံးသားတွေ ရှိနေတာပဲ။ ကိုယ်နဲ့  အနီးဆုံးကတော့ ပြိတ္တာဘုံသားတွေ ပေါ့။ လူတွေ ခဏ၊ ခဏ ကြောက်နေ၊ ခြောက်လှန့်  ခံရတယ်လို ယူဆနေတဲ့ အရာတွေပေါ့။  မမြင်နိုင်တာ၊ မနီးစပ်တာတွေကတော့ အထက်မှာဆို နတ်ပြည်၊ ဗြဟ္မာ့ပြည်  အဲ အောက်မှာ ဆိုရင်တော့ ငရဲကြီး ရှစ်ထပ်လို့  ဘုရားဟောပြော ညွှန်ပြခဲ့တာပဲ။  အဲဒီမှာ ရှိတဲ့ သူတွေနှင့်စာတော့ လူပြည်က လူတွေဆိုတာဟာ သဲချောင်းထဲမှာ ရှိတဲ့ သဲပြင်တွေထဲက သဲလက်တစ်ဆုပ်စာလောက်သာ ရှိတော့မပေါ့။ ဟုပ်ဘူးလား? ။ (:D)
          လူဘဝကိုယ် လူတွေဟာ ခဏအလည်လာတာတဲ့။  တချို့ ဆင်းရဲတဲ့ မိသားစုတွေမှာ ဘယ်လို့ များ  မွေးထားတယ် မသိဘူး။  ကလေးတွေ မွေးထားလိုက်တာများ အရွယ်စုံ ဆိုဒ်စုံပဲ။  သူတို့ ကို အပြစ်ပြောတာ မဟုပ်ပါဘူး။  ဟုပ်တယ်လေ  သူကံ နဲ့ သူကိုး ။   တချို့ မိသားစုများကြတော့လည်း လင်ကိုယ်၊ မယား နှစ်ယောက်ထဲ သား၊ သမီး မထွန်းကားတာလား၊ ဒါမှမဟုပ် မယူတာလား မသိပါဘူး ပြီတော့လည်း ချမ်းသာကြတယ်။ တချို့  အဲလိုလူတွေက ကျိတ်ကျိတ်တက် ချမ်းသာတာတွေလည်း ရှိပေါ့။    တချို့ ကတော့ လူရော၊ ငွေရော ချမ်းသာတယ်။  ပိုက်ဆံချမ်းသာ သလောက် လူအင်အား(သား၊ သမီးကလည်း)  အတောင့်ပဲ။
          ငယ်ငယ်တုံးကတော့ ဒါတွေဟာ ဘာကြောင့် ဖြစ်ရတယ်လို့  မသိပေါင်၊ စဉ်စားလို့ တောင် မတတ်ပါဘူး။  ကြီးလာတော့ စာတွေမျိုးစုံအောင် ဖတ်၊  တရားတွေမျိုးစုံနာ(တရားပွဲ၊ စာပေဟောပြောပွဲး ၊ ကျောင်းမှာ ဆရာ၊ ဆရာမတွေ သွန်သင်ဟောပြော၊ ဆုံးမတဲ့  ပွဲးတွေအားလုံးပေါ့)။ ဟိုလူမေး၊ ဒီလူမေးလည်း မေးတာပဲ မေမေ နှင့် ဖေဖေရော၊ အမျိုးတွေရော မကျန်၊ တွေ့ သမျှ အကုန်မေးတာ။ အသက်လေး နည်းနည်းကြီး ၊ အရွယ်လေး နည်းနည်းရလာမှ ဖတ်ရင်း၊ နာရင်းက သိလာရတယ်။
          ကြာနီကန် တရားတွေ ငယ်ငယ်ကနားဖူ၊ ရီဖူ ပေမယ့် ဒီအခွေပဲ မပါတာလားတော့ မသိဘူ၊  ခုမှ ပြန်နာရင်းကနေ သိရတာ။  အလှူဒါန ပြုတဲ့ နေရာမှာ အလှူလုပ်ဖို့  နိုးဆော်သူတွေက သား၊ သမီးတွေ ရနိုင်သတဲ့။ များများ နိုဆော်လေ၊ များများ ကလေးရလေ နေမှာပေါ့။  ကိုယ်တိုင် ပါဝင်လှူဒန်းသူကတော့ ချမ်းသာခြင်း အကျိုးကို ခံစားရသတဲ့။ ကိုယ်တိုင်လဲလှူ၊ သူများကိုလည်း လှူဒန်းဘို့ ရာ တိုက်တွန်းတဲ့သူကကြ သား၊သမီး လည်းရ၊ ပစ္စည်းဥစ္စာလည်း ချမ်းသာလို့  ဆိုပါတယ်။   ဒါကြောင့်မို့  ကိုယ်တိုင်မလှူပဲ၊ သူများတွေလှူဖို့ ရာတိုက်တွန်းသူတွေက ပိုက်ဆံမချမ်းသာပေမယ့်၊ ကလေးတွေ ချမ်းသာကြတာကိုး လို့  မှတ်သားမိ လိုက်ပါတယ်။
          အင်း အဲဒီတော့ကာ လူတွေအဖို့ မှာ ကိုယ်လိုခြင်သလောက်သာ နိုင်ချိန်ပြီး တိုက်တွန်းရမလို ဖြစ်နေတာပေါ့။  များများချမ်းသာခြင်ရင် အကျင့်သီလနှင့် ပြည့်စုံတဲ့ အရှင်သူမြတ်များကို များများလှူရမှာပေါ့။  ဒါပေမယ့် လူဆိုတာ အခက်သားလား၊ ခုဘဝ ရှိတာကို မတွန့် တိုပဲ လှူနိုင်သူက ရှားသားပဲ။ သဒ္ဒါတရားလည်း ပြည့်စုံမယ် လှူဒန်းမယ့် ပုဂ္ဂိုလ်ဟာလည်း အကျင့်၊သီလကောင်းသူ ဖြစ်မယ်ဆိုရင် လှူဒန်းသူအဖို့ မှာ အကျိုးများမှာတော့ အမှန်ပေါ့။ ဒါပေမယ့် သံသရာပြတ်အောင်ကတော့ ဘာဝနာကသာ တတ်နိုင်ပြန်ရော။
          အင်း တနံ၊ တလျှားကို တွေးပစ်လိုက်တာ။ အဲဒီမှာတင် ချာချာလည်နေတော့တာပဲ။  ဝင်ငွေရတဲ့ အလုပ်ကို ကြာကြာပြစ်ပြီ တရားအလုပ်လုပ်နိုင်သူတွေ ရှိတော့၊ ရှိတယ်  ရှားတယ်လေ။  ဘုန်းဘုန်းတို့ ကတော့ ဟောပါတယ် ၁၅ မိနစ်တတ်နိုင်၊ တတ်နိုင်   နာရီဝက်တတ်နိုင်၊ တတ်နိုင် တတ်နိုင်သလောက်ကလေး တရားအလုပ်လုပ်ကြပါတဲ့။ ဘယ်လိုထိုင်ရမယ်လို့  ညွှန်ပြသူများနှင့် စပြီးမှတ်မှ၊ ထိုင်မှ   နောက်တော့ ကိုယ်ဘာသာ စမ်းထိုင်နိုင်မှာလေ။ စဘို့ ကခက်နေလို့ ပါ။ စပြီးရင် ဆက်ကြိုးစားရမှာပေါ့ တရားထိုင်မြဲအောင်။  အင်း စဉ်စားလာရင်းက ကိုယ့်အသက်ကြည့်လိုက်တော့ ဘဝလမ်းက တဝက်ကြိုးနေပြီ။
          အင်း လူတွေများ သေရမှာသာ ကြောက်ကြတာ၊ မသေခင်မှာ ကိုယ့်အတွက် ပြင်ဆင်နိုင် တာတွေကြတော့ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ  နဲ့  နေ့ ရွေ့ ၊ ညရွေ့ လုပ်နေရတာနဲ့  သေတော့မှ ဘာမသိ၊ ညာမသိ ကမန်းကတန်းသေရရင်တော့ မချောင်ပါဘူ။ ကိုယ့်ဘာသာပြောတာပါ(:D)။ လှူတာလဲလှူတာပေါ့၊ တိုက်တွန်းတာလဲ တိုက်တွန်းတာပေါ့၊  အရေးကြီးတာက အထုံလေးပါအောင် တရားစခန်းတော့ သွားအုံးမှ။  အင်း တရားစခန်း တခါဝင်ဘို့  တွေးလိုက်တာကို အရှည်ကြီးပါပဲ။  အင်း လာမယ့် နိုဝင်ဘာ တရားစခန်းကို ဝင်ဘို့  စာရင်းပေးဘို့  ဆုံးဖြတ်လိုက်ပါပြီလေ။  ဗုဓ္ဒဘာသာဝင်တွေလည်း ကိုယ်နောက်ပါမယ့် တရားကို ရှာနိုင်ကြဘို့  တိုက်တွန်းလိုက်ပါတယ်နော် ။          :D
Monday, May 23, 2011
အချစ်၊ အမုန်းတို ကြားမှ . . . . .
          ကျမဟာ အချစ်နှင့် အမုန်းများကို ပိုင်ဆိုင်သော လူနှစ်မျိုး၊ နှစ်စားကြားမှာ နေထိုင်နေခဲ့သော လူတစ်ယောက်သာ ဖြစ်ပါသည်။   ကျမမှာ ကျမကို ချစ်တဲ့သူတွေလည်း ရှိပါသည်။ မုန်းတဲ့သူတွေလည်း ရှိပါသည်။ မချစ်၊ မမုန်းတဲ့သူ မရှိဘူးလားဆိုတော့ ဒီလို လူမျိုးတွေလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် မချစ်၊ မမုန်းသူများသည် လည်း ကိုယ်နှင့် ပတ်သတ်ရန် မရှိတာသာ ဖြစ်ဖို့ များပါသည်။  ချစ်သူတွေသည် မိသားစုဝင်တွေ၊ အိမ်မှမွေးမြူ ထားသော တိရိစာန်လေးတွေ နှင့် ပတ်ဝန်းကျင်မှ သူငယ်ချင်း အပေါင်းအသင်းတို့  တွေသာ ဖြစ်ဘို့  များပါသည်။  မုန်းသူဆိုသည်မှာ ကိုယ့်အားသာချက်ကိုပဲဖြစ်ဖြစ်၊ ကိုယ့်အားနည်းချက်ကိုပဲဖြစ်ဖြစ် မနှစ်သက်နိုင် သောသူ  ဘဝအဆက်က ရန်ညိုးရှိသူများသာ ဖြစ်ပါလိမ့်မည်။ တချို့ မှာ သူငယ်ချင်း အမည်ခံသော ပြိုင်ဘက်များဖြစ်ကြပါသည်။  ဒါပေမယ့် သေခြာတာ တစ်ခုကတော့ ကျမကတော့ ဘယ်တော့မှ ဘယ်သူ့ ကိုမှ မပြိုင်တာတော့ သေခြာပါသည်။
          ကျမကိုယ် ကျမလည်း မပြိုင်ပါ။ ပြိုင်စရာလဲ မရှိပါ။  ကိုယ့်ပန်းတိုင်တွေကို ဒါမလုပ်နိုင်သေးလျှင်၊ လုပ်နိုင်သော အရာတစ်ခုကို ပြောင်းလုပ်လိုက်မည်ပေါ့။ ဒါပေမယ့် မူလပန်းတိုင်ကတော့ ရင်ထဲမှာ သိမ်းထားဦး မည်သာ။  လုပ်နိုင်တဲ့ အချိန်မှာ လုပ်မှာပေါ့လို . . . စိတ်ထဲမှာ ရှိနေပါသည်။  ကျမကိုယ် ချစ်တဲ့၊ ဒါမှမဟုပ် နားလည်းပေးနိုင်သော သူကိုယ် ကျမတန်ဖိုးထားမည်သာ။  ကျမကို မုန်းသော၊ မလိုသော၊ ပြိုင်ဆိုင်သော ပတ်ဝန်းကျင်ကိုလည်း ကျမအနေနှင့် မုန်းတီးနေမည်မဟုပ်ပါ။  တစ်ခါတစ်ရံ သူတို့ တွေရဲ့  သဘောထား၊ တုံပြန်မူ့ တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရင်တောင် ကျမ ကြိုးစားမေ့ပစ်လိုက်တာက များပါသည်။ မမေ့နိုင်ခင်မှာ ပြန်တုံပြန်မူ့ တွေလည်း ရှိနိုင်တာပေါ့။ ကျမက ပုထုဇဉ်ပဲ ..  ..  .. ဒါပေမယ့် သံသရာ မသယ်လိုပါ။
          မိသားစုထဲမှာလည်း ကိုယ့်ကို မချစ်သူတွေရှိနိုင်တာပေါ့။  ဒီဘဝမှာ ဆွေရယ်၊ မျိုးရယ်ဖြစ်နေပေမယ့် အရင်ဘဝက ရန်သူဖြစ်နိုင်တာကိုး။  ဒါလေးကို ကျမဘာကြောင့် တွေးမိရသလဲ ဆိုတော့ ဘုရားရဲ့  တပည့် သာဝကာမတစ်ဦးဖြစ်လာသည့် ပဍာစာရီဇာတ်ကို ကြားဘူတာကိုး ။  ပဍာစာရီမဖြစ်ခင် ကမ္ဘာပေါင်းများစွာက ဘဝတစ်ခုမှ ပဍာစာရီလောင်း အမျိုးသမီးဟာ ကုန်သည်အလုပ်နဲ့  အသက်မွေး ဝမ်းကြောင်းပြုခဲ့ပါတယ်။  တစ်နေ့ မှာ ကုန်ကူးသွားရင် လမ်းမှာ ဒမြတိုက်ခံရတယ်။ လူအင်အား၊ လက်နက်အင်းအားနှင့် တိုက်တာဆိုတော့ သူတို့  ဝယ်လာသမျှကုန်တွေ အကုန်ပါသွားသည်။  လူတွေကိုလည်း ရိုက်နှက်ထားခဲ့ကြသည်။
           အဲဒီအချိန်မှာ လူလည်းနာ၊ အရင်းအနှီးတွေလည်းဆုံးတော့ ဒီအမျိုးသမီးဟာ ဒမြတွေကို ကျိန်ဆဲပါသတဲ့။ ဘယ်လို ကျိန်လဲဆိုတော့ ဒမြတွေ အသေးဆိုးနဲ့  သေတာကို မြင်ပါစေလို့  ရင်ထဲကနေ လိုက်လိုက်လဲလဲ ကျိန်လိုက်ပါတယ်။ ပဍာစာရီလောင်း အမျိုးသမီးဟာ သီလနှင့် ပြည့်စုံပြီး မိဘလုပ်ကျွေးနေသော သတို့ သမီးငယ်ဖြစ်တော့ သူမဆုတောင်းဟာ ပြည့်ခဲ့သတဲ့။ ဘယ်ဘဝမှာလည်းဆိုတော့ ဗုဓ္ဒဘုရားရှင်လက်ထက် မှာပေါ့။ အဲဒီ ဒမြတွေဟာ ဘယ်သူတွေလည်း ဆိုတော့ သူမရဲ့  မိဘနှစ်ပါး၊ အကိုနှစ်ယောက်၊ ခင်ပွန်းနှင့် သားနှစ်ယောက်ပါပဲ။ 
          ဒါကြောင့် သူမဆုတောင်း အတိုင်းပဲ သူမ မျက်စိရှေ့ မှာပဲ သူမ ခင်ပွန်း ကိုဒါသ မြွေပေါက်ပေမယ့် တန်းမသေ သေးပဲ သူမနှင့်တွေ့ ပြီး လက်ပေါ်မှာ သေရတယ်။  သားအကြီးဟာလည်း တောင်ကျ ချောင်းရေထဲ မျှောပါသွားတာကို တွေ့ ရလို့  ချောင်းအလယ်ပြေးတုံး၊  သောင်ပြင်ပေါ် ချထားတဲ့ သားအငယ်ဟာလည်း စွန်ရဲက သားထစ်အမှတ်နှင့် ချီပြေးပြန်တယ်။  တစ်ခါရေလည်က ပြန်ပြေးပြီ ချောက်ပြန်တော့ မမှီတော့ဘူး။  မီးတွင်းကထွက်လာစ မိန်းမတစ်ယောက်အနေနှင့် ခံစားရတာကို မိဘတွေ ရှိသေးတယ်ဆိုပြီ နှစ်သိမ့်စိတ်နှင့် အိမ်ရောက်အောင်ပြန်တော့ သူမရှေ့ မှာပင် အိမ်ကို မိုးကြိုးပစ်လို့  အိမ်မီလောင်ပြီး မိဘနှင့် အကိုတွေ အလောင်းကို မြင်ရတော့ သူမဆောက်တည်ရာမရ သွပ်သွပ် ခါအောင်ရူးသွားတော့သည်။
          ဒါပေမယ့် သူမဟာ ပါရမီဥာဏက် ရင့်သန်ပြီးသူ၊ ကျွတ်တန်းဝင်ရမည့် ဘဝဖြစ်လေတော့ မြက်စွာဘုရားရှင်နှင့် ဖူးတွေ့ ခွင့်ရခဲ့ပြီး၊ အဲဒီဘဝမှာပဲ ဂုဏ်ထူးဆောင် ရဟန်တာမအဖြစ် ကျွတ်တမ်းဝင်ခဲ့ပါတယ်။ 
          ကျမတို့ တွေလည်း ကိုယ်ပြုသည့်ကံ ကိုယ်ဆီသာ ပြန်လာကြသည်။ ဘုရားရှင်က ယက်ကန်းသည် မလေးကို မေး၍ ၊ ယက်ကန်းသည်မလေးက ပေးသော အဖြေလိုပဲ
ဘုရားရှင်                   ` သင်ဘယ်ကလာသလဲ`
ယက်ကန်းသည်မလေး   ` မသိပါ ဘုရား`
ဘုရားရှင်                    ` သင်ဘယ်ကို သွားမှာလဲ`
ယက်ကန်းသည်မလေး     ` မသိပါ ဘုရား`
ဘုရားရှင်                  ` သင် မသိသလော`
ယက်ကန်းသည်မလေး   ` သိပါသည် ဘုရား`
ဘုရားရှင်                  ` သင် သိသလော`
ယက်ကန်းသည်မလေး   ` မသိပါ ဘုရား `  ဆိုသော ဇာတ်တော်လိုပင် ဖြစ်နေကြသည် မလား ?
          ဒီဇာတ်တော်မှာ ဘုရားရှင်က `ဘယ်ကလာ သလဲ`  ဆိုသည်မှာ ဘယ်ဘဝက လာသလဲလို့  မေးကြောင်း  ယက်ကန်းသည်မလေးက ဥာဏ်ဖြင့် စဉ်ခြင်သိလို ` ဘယ်ဘဝက လာကြောင်း မသိပါလို့ ` ဖြေတာပါ။
          ဘုရားရှင်ကပင် ` ဘယ်ကိုသွားမှာလဲ` မေးတော့  ဘယ်ဘဝကို သွားမှာလဲ၊ သိလားလို့   သိမြင်တဲ့ ယက်ကန်းသည်မလေးဟာ ဘယ်ဘဝကို သွားရမည် မသိပါလို့ ဖြေတယ်။
          တဖန် ဘုရားရှင်က ` သင် မသိသလော` ဆိုတာက သင်သေမည်ကို မသိသလော လို့  မေးတာပါ။  ဒီအခါမှာ ယက်ကမ်းသည်မလေးက သေမည်ကို သိကြောင်း ပြန်လျှောက်တာပါ။
          နောက်ဆုံးမှာ ` သင်သိသလော` ဆိုတာကတော့ ဘယ်အချိန် သေမယ်ဆိုတာ သင်သိသလား လို့  မေးတာသာ ဖြစ်ပါတယ်။ ဒါကြောင့် ယက်ကမ်းသည်မလေးသည်။ ဘယ်အချိန် သေရမည်ကို မသိပါဘူးလို့  ပြန်လျှောက်ထားတာ ဖြစ်ပါတယ်။
          ဘုရားရှင်နှင့် ယက်ကန်းသည်မလေးတို့ သည် ပြသနာကို ဖြေရှင်းနိုင်ကြပေမယ့် ကျမတို့ ကတော့ သိခြင်း၊ မသိခြင်း ကြားမှာ အချစ်တွေ၊ အမုန်းတွေနှင့် နေထိုင်နေကြရပါသည်။  ကိုယ်စိတ်ထားမူ့ သည် ကိုယ့်ဆီပြန်လာမည်ဆိုပါလျှင် ဘယ်လိုပြန်လာတာကို လိုခြင်ပါသလဲလို့  ကျမဘာသာတွေးမိတော့ မှန်ထဲမှာ ပြုံးပြနေသော ပုံရိပ်သာ ဖြစ်စေလိုပါသည်။  ဘာသာမတူသူများ ဖတ်မိခဲ့ရင်လည်း ဗဟုသုတ၊ ပုံပြင်တစ်ခုလို ဖတ်သွားစေခြင်ပါသည်။
Wednesday, May 18, 2011
ကျမ စိတ်ပညာ ကျောင်းသူ
            တက္ကသိုလ်ဝင်ခွင့် အောင်ပြီး (၃)နှစ်လောက်စောင့်ပြီးမှ အဝေးသင်တွေ ၁၉၉၀ အောင်တွေ နှင့် ၁၉၉၁ အောင်တွေ ပေါင်းတက်ရန် သတင်းစာမှာ ကျော်ညာစာထွက်လာသည်။  အိမ်က GTI တက်စေခြင်တယ်။ ကျမကလည်း တက်ရမလား၊ မတက်ရလား မသိဖြစ်နေတုံး အိမ်က အဝေးသင်ပဲတက်ဘို့  ရွေပေးလိုက်သည်။  GTI က အိမ်နှင့် နီးတော့ အဝေးသင်ကို တော့ အိမ်နှင့် ဝေးဝေးတက်ရအောင် အမတွေက Psychology လို ရန်ကုန်၊ မန္တလေးလို နေရာမှာ သွားတက်ရမည့် ဘာသာတွဲးကို တင်ပေးလိုက်သည်။
            အိမ်က အမတွေအားလုံး ရန်ကုန်မှာပဲ တက်ကြသဖြင့် မန္တလေးသည် အိမ်နှင့်စိမ်းသည်။ အသိမရှိ။  ဒါပေမယ့် ကျမကလည်း ဘာမှမသိဘူးပေါ့လေ။  အမတွေနှင့် မေမေစီစဉ်၍ မန္တလေးတွင်  Psychology ပထမနှစ်တက်ရဘို့  ဖြစ်ခဲ့ရသည်။ ပထမနှစ်ဆိုတော့ မေဂျာက တစ်ဘာသာ၊ မိုင်နာက (၄) ဘာသာ။ ကံကောင်းခြင်တော့ အဝေးသင်တွေ အတွက် မိုင်နာဘာသာတွဲးကို ကိုယ့်မြို့ မှာ ကိုယ်သင်နိုင်အောင် စီစဉ်ပေးသူပေါ်လာသဖြင့် မိုင်နာဘာသာတွဲးတွေကို ကြိုတည့်ခွင့်ရပြီး ကြိုကျက်ခွင့်ရခဲ့သဖြင့် စာကျက်ရတာ သိပ်မကသီတော့ပေ။  ကောလိပ်က ဆရာ၊ ဆရာမတွေ လာသင်ပေးသည့် ကျေးဇူးကြီးခဲ့ပါသည်။ မေဂျာတွဲးကိုတော့ စာမေးပွဲး မဖြေခင် တစ်လလောက် မန္တလေး ကြိုသွားပြီး ကျုရှင် စုံစမ်းပြီ အဆင်ပြေသလို တက်ရသည်။
            အသိကလည်း မရှိ၊ အဝေးသင်လို ခဏတက်ရသည့် ကျောင်း ဘယ်မှာ သူငယ်ချင်းရယ်လိုတော့ ပေါများလိပ်မလဲ။ အဆောင်နေ သူငယ်ချင်းများတော့ ရှိတာပေါ့။ ဒါပေမယ် စားရေး၊ သောက်ရေးကိစ္စ ကြုံသလိုပဲ နှစ်ပါးသွားခဲ့ရသည်။ ဒီလိုပဲ အနီးကပ် (၁၀)ရက် ရက်တိုသင်တန်း တက်ရမည့် အချိန် ရောက်တော့ (၇၃) လမ်းမှ မန္တလေး တက္ကသိုလ်တွင် ကျောင်းတက်ရပါတယ်။ ဒါပေမယ့် စာသင်ကောင်းသော ဆရာအခန်းသာ လိုက်တက်ပြီး စိတ်မဝင်စားသော သင်ပြချိန်မှာ ပျင်းသော ဘာသာတွဲးတွေကို မတက်ဖြစ်ပါ။  အဆောင်မှာသာ စာကျက်ဖြစ်၊ အပြင်မှာ သူငယ်ချင်းတွေနှင့် စက်ဘီးစီးပြီး ကိစ္စရှိတာတွေ လုပ်၊ စားဘို့ လုံးပန်းနှင့် အချိန်ကုန် စေလေသည်။
            မေဂျာတွဲးကတော့ ဘယ်အတန်းမှာမှ တက်လို့ မရဘူးပေါ့။ အတန်းကလည်း ကိုယ့်ဘာသာက တခန်းပဲ ရှိသည်။ မေဂျာချိန်တော့ တက်ဖြစ်သည်။ ကျမတို့ နှစ်က မေဂျာဘာသာကိုယ် စိတ်ပညာပါမောက္ခ ဦးခင်မောင်သန်း လာသင်ပေးပါသည်။ ကျမ အတွက်တော့ ဆရာနှင့် သင်ခွင့်ရတုံး သင်ခဲ့ရသော  ဆရာ့ရဲ့  ဆိုဆုံမခဲ့သော စကားတွေကို ခုချိန်ထိ လုံဝမမေ့သေးတာတော့ သေခြာပါသည်။  အထူးသဖြင့် ပထမဆုံးနေ့ က အတန်းတွင် ဆရာ ပြောဆိုခဲ့သော စကားကို မှတ်မိနေတာပါ။ ကျောင်းသားတွေလည်း ဆရာပြောသော စကားတွေ နောက်မှ ရီးမောရင်း ပါသွားခဲ့ပါသည်။  ဆရာကတော့ ကျမတို့ လို အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းမှ ခဏတာတွေ့ ရသော ကျောင်းသား၊ ကျောင်းသူတွေကို မှတ်မိမှာ မဟုပ်တာလည်း သေခြာပါသည်။
            ဆရာက စိတ်ပညာဘာသာကြောင်း စမိတ်ဆက်ပေးပါသည်။  စိတ်ပညာဆိုသည်မှာ အတိအကျ သတ်မှတ် ထား စရာမရှိဘူး။ ဘာလိုလဲဆိုတော့  လူတွေ တွေးတော လက်ခံမူ ကို လူ ၇၀% သို့  ၈၀% လောက်သော လူများက လက်ခံယူဆထားသော အယူအဆကို တွေတော လက်ခံသူကို လူတွေအားလုံးက ဒီလူ ပုံမှန်လို့  လက်ခံသည်။  ဒါပေမယ့် အရှေ့ တိုင်းနှင့် အနောက်တိုင်းမှ လူတို့ ၏ အတွေးအခေါ်သည် အရှေ့  နှင့် အနောက်လိုပင် ကွာခြားတယ် ဒါကြောင့် အရှေ့ ကလူတွေအတွက် အတွေးအခေါ်တူရင် ကမ္ဘာ့ အရှေ့ ဘက်က လူတွေက ပုံမှန်လို ယူဆကြောင်း၊ အနောက်က အယူအဆ လက်ခံမူ့  အများစုကို လက်ခံသူသည် အနောက်ကမ္ဘာဘက်မှ လူတွေအတွက်တော့ ပုံမှန်တဲ့ ၊ ဆိုလိုတာက လူတွေက အရူးလို့  မသတ်မှတ်ကြောင်း ပြောတာပါ။
ဘာလိုလဲဆိုတော့ လူတွေ လက်ခံသော အတွေအခေါ်သည် နေရာဒေသ၊ လူမျိုးတို့ ၏ ဘဝအတွေ့ အကြုံ၊ အတွေးအမြင်နှင့် ဘာသာတရား အဆုံးအမ တွေ အပေါ်  အခြေခံ၍ ကွဲးလွဲးသွားတာ ဖြစ်ကြောင်း၊ လူများစု လက်ခံတာနှင့်တူလျှင် ပုံမှန်တွေးတတ်သူလို့ သက်မှတ်ပြီး၊ လူများစု လက်ခံတွေးခေါ်မူနှင့် မတူသူကိုတော့ အရူးလို့  သက်မှတ်တယ်၊ ဒါမှမဟုပ် ဒီကောင်က နည်းနည်း ဂေါက်တယ်လို့  ပြောဆို သတ်မှတ်တာသာ ဖြစ်ကြောင်းတွေနှင့် ကျမတို့ ကို စိတ်ပညာ ဘာသာရပ်ကို စတင်မိတ်ဆက်ပေးပါသည်။
            လူတွေက စိတ်ပညာကျောင်းသားတွေကို ရူးကြောင်ကြောင်တွေလို ထင်ကြကြောင်း ဆရာက ပြောပြပါတယ်။ ဟုပ်လည်း ဟုပ်တယ် ဘယ်မေဂျာကလည်း မေးလို့  စိတ်ပညာကလို့  ပြောလိုက်ရင် လူတွေက ခေါင်းကို လက်ညိုးနှင့်ထောက်ပြီး ရူးနေတယ်လို လုပ်ပြလေ့ ရှိတာကို ကျမတို့  မကြာခဏတွေ့ နေခဲ့ရတာကိုး။ ဒါပေမယ့် ဆရာကတော့ ပြောပါတယ် တကယ်က စိတ်ပညာကျောင်းသားတွေလည်း၊ ပုံမှန်ပဲဖြစ်ကြောင်း။  တကယ်တော့ ဘယ်မေဂျာမှာ မဆို စာကျက်လွန်းသဖြင့် ကြောင်သွားသော ကျောင်းသားတွေ ရှိတတ်တာပဲ ဖြစ်ကြောင်း။ (ကျမတောင် ကျမအမတက်သော နှစ်က ကျောင်းသူတစ်ဦး တခုဆင်း တခုရှိတ် လို့  ရွတ်ပြီး ကြောင်သွာဘူးကြောင်း အမဆီမှ ကြားခဲ့ရဘူးသေးသည်)။
တကယ်ဆို အိမ်တစ်အိမ်တွင် စိတ်ပညာ ကျောင်းသားတစ်ယောက် ရှိပါက ထိုကျောင်းသားသည် အိမ်တွင် သူသာ ဦးဆောင်သူ ဖြစ်ကြောင်း။ ဒါပေမယ့် နောက်ဆုံးနှစ် စိတ်ပညာ ကျောင်းသားတစ်ယောက် စာကျက်လွန်ပြီး ရူးသွားလျှင်တော့ ပြန်မကောင်းနိုင်တော့ပါဘူး။ ဘာလို့ လဲဆိုတော့ သူက အဖြေတွေကို ရှောင်ဖြေနေတာနဲ့ ပဲ စိတ်ပညာကုထုံးတွေနဲ့  ကုလို့ မရတော့သော ကြောင့်သာ ဖြစ်တယ်လို့  ဆိုပါတယ်။ ဘာလို့ လဲဆိုတော့ ကျောင်း နောက်ဆုံးနှစ်တွင် စိတ်ရောဂါကုသသော ကုထုံးတွေကို သင်ရတယ်။ ဘယ်လိုဖြေရင် ရူးတယ်၊ ပုံမှန် စသဖြင့် ရှိတယ်။   ဒါကြောင့် အဖြေရှာရန် ခက်ခဲသွားပြီး ကုလိုမရနိုင်တော့ပေ။
            နောက်တစ်ခု သတိရနေသေးတာ တစ်ခုကတော့ စိတ်ပညာဘာသာရပ်ကို အဘယ့်ကြောင့် သိပ္ပံတွဲးထဲ သွင်းလို့ မရတာလည်း ဆိုတဲ့ အကြောင်းလေးဖြစ်ပါတယ်။ ဘာသာတွဲးတွေကို သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ ခွဲးရန် စဉ်စားကြသော အခါ စိတ်ပညာက လက်တွေ့ ပြရန် မဖြစ်နိုင်သောကြောင့် ဝိဇ္ဇာတွဲ သို့  ထဲသွင်းလိုက်ရတာဖြစ်ကြောင်းပြောပြပါတယ်။  စိတ်ပညာဆိုတာ လူတွေရဲ့ စိတ်ခံစားမူ့ ကို စဉ်စား ဆုံးဖြတ်ရသော ပညာဖြစ်တယ်။ ခင်ပွန်းတစ်ယောက် သေသွားရင် သူ့ မှာ မိန်းမ(၂)ယောက် ရှိတယ်ဆိုပါစို့ ။ ပိုငိုတဲ့ မိန်းမက ပိုချစ်တာလား၊ မငိုတဲ့ မိန်းမက ပိုချစ်တာလား သက်သေပြရန် မဖြစ်နိုင်ကြောင်း။ အဲဒါကို သက်သေပြမယ်ဆိုရင် မျက်ရည်ကို ခွက်နဲ့  ခံထားရမှာ ဖြစ်တဲ့အကြောင်း၊  ပိုငိုသော အမျိုသမီး၏ မျက်ရည်ကို ပိုချစ်တယ် သက်မှတ်မရနိုင်ဘူး။ မျက်ရည် ဘယ်နှစ် စီစီရှိလဲ လက်တွေ့ ခန်းမှာ ချိန်လို ဘယ်သူပိုများသလဲ တွက်ရမှာဖြစ်တယ်။ ပြီး ဒီအမျိုးသမီး ဘယ်အချိန်ငိုမှန်းမသိတာကို ဘယ်အချိန် လိုက်ခံရမှန်း မသိနိုင်ဘူး ပေါ့။ ဒီလို သက်သေမပြနိုင်လို့  ဝိဇ္ဇာတွဲဖြစ်သွားခြင်း ဖြစ်ပါသတဲ့။  :D
            တကယ့် လက်တွေမှာတော့ အရမ်းငိုသော ကျန်ရစ်သူ ယောက်ကျား၊ မိန်းမများသည် (၃)လ အတွင်း လျှင်မြန်စွာ အိမ်ထောင်ပြူသွားကြပြီ၊ နည်းနည်းငိုသောသူတို့ သည် တစ်နှစ်ကျော်သော အချိန်မှာ နောက်အိမ်ထောင် ပြူသွားတတ်ကြတယ်။ မျက်ရည်မကျပဲ စီစဉ်စရာများကို စီစဉ်သွားသူများသည်သာ တစ်သက်လုံး နောက်အိမ်ထောင် မပြုတော့ကြောင်း Result များအရ သိရကြောင်းလည်း ပြောပြပါတယ်။ ဆရာက အဲဒီအချိန်က မန္တလေး ဆေးတက္ကသိုလ်  မှာလည်း သွားသင်နေရကြောင်း ပြောပြပါတယ်။ ဒီဘာသာဟာ နိုင်ငံခြားမှာ အမှတ်မြင့်ပြီ ဝင်ငွေများတဲ့ အလုပ်ဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ဒီလို မဟုပ်ဘူးလို့  ပြောပြခဲ့တာ မှတ်မိခဲ့ပါတယ်။
            ကျမကတော့ စိတ်ပညာ ကျောင်းသူ ဆိုပေမယ့် အဝေးသင်သာ တတ်ရောက်ခဲ့ ရတာမို့  Day ကျောင်းသားတွေလိုတော့ မတတ်မြောက်ခဲ့ပါဘူး။ ခုကျတော့လဲ GTI က ပညာနဲ့ လုပ်စားနေတာဆိုတော့ လဲ ပြီးခဲ့ပြီပေါ့ရှင်။  လွန်ခဲ့တဲ့ ၁၉၉၂၊ ၁၉၉၃ ခုနှစ်လောက်ကဆိုတော့ ကျမမှတ်မိတာတွေဟာ ဆရာပြောပြတာတွေနှင့်တော့ တစ်ထပ်ထဲ ဖြစ်ခြင်မှ ဖြစ်ပါလိမ့်မည်။ လိုတာ၊ ပိုတာ အနည်းငယ်လည်း ဖြစ်နိုင်ပါသေးသည်။ ကျမ မှတ်မိသော ကျမ၏ သင်ဆရာ တစ်ယောက်အကြောင်း သတိရ၍ ပြောပြလိုက်ရပါတယ်ရှင့်။   ။
Monday, May 9, 2011
အိုးပုတ်၊ ချိုးရုတ်နှင့် ကလေးဘဝ
               ကျမငယ်ငယ်က ဆော့ခဲ့ရသော အိုးပုတ်ကလေးတွေ၊ မေမေ ဝယ်ပေးခဲ့ဘူးသည်။ ပခုက္ကူ မေမေ့ဇာတိမြို့  မေမေအလည်ပြန်စဉ်က ကျမက (၂)တန်း စာမေးပွဲးဖြေပြီးစ နွေရာသီကျောင်းပိတ်ရက်၊ သီဟိုရှင် ဘုရားပွဲးသို့  လိုက်သွားခဲ့ဘူးသည်။ အဲဒီတုံးက ဘုရားပွဲးမှာ ရောင်းသော အိုးပုတ်ကလေး မေမေ ဝယ်ပေးဘူးသည်ကို ခုထိ အမှတ်ရနေပါသေးသည်။ မြေအိုးမို့  ဆော့ရင်း ဒယ်အိုး လက်ဂိုင်းလေး ကြိုးသွားသည်။ ကျမလည်း မေမေသိရင် ရိုက်မှာစိုးသောကြောင့် တည်းခိုသော အိမ်၏ အရှေ့ မြေကြီးမှာ တွင်းတူဖွတ်လိုက်သည်။  မေမေသိတော့ ကျမထင်သလို မဆူပါ။ လက်ဂိုင်းလေ ပြန်တက်ပေးမယ် ဆိုလို့  ပြန်ရှာတော့ မတွေ့ တော့ဘူး။  နောက်တော့ သင်္ဘောနှင့် မြို့ ကိုပြန်လာတော့ လုံးဝကို ကျန်နေခဲ့ပါသည်။   ဒါကမေမေ နှင့် ကျမ အိုးပုတ်ကလေးအကြောင်းပါ။
                ကျမတို့  ဇာတိမြို့ က ဈေးထဲမှ အိုးပုတ်ကလေးတွေ မေမေတွေ့ လျှင်လည်း ကျမတို့  ညီအမတွေအတွက် ဝယ်လာပေးတတ်ပါတယ်။  ဒယ်အိုး၊ ဒယ်အိုးဖုံး၊ မီးဖို၊ ငရုတ်ဆုံ နှင့် ငရုတ်ကျည်ပွေ့  လေးတွေ ။ ပြီးတော့ ကော်ဖီပုဂံလုံး၊ ပုဂံပြား ဒါကတော့ အိုးပုတ်တွေထဲမှာ အများဆုံးရှိတတ်သော အိုးပုတ် အမျိုးအစားတွေပါ။  မေမေက သမီးတွေကို ဝယ်ပေးပင်မယ့် ၊ အိမ်မှာတော့ ကျမတို့  ဦးလေးက ကလေးတွေကစားတဲ့ အိုးပုတ်တွေကို အသိမ်းသမားဖြစ်ခဲ့ရသည်။   ဦးလေးက ကျမတို့  ကလေးတွေကို ရေတွေ၊ သဲတွေနှင့် မဆော့ဘို့ ၊ လူလည်းညစ်ပတ်တယ်၊ အိမ်လည်း ညစ်ပတ်တယ် နှင့် မကြာခဏပြောလိုက် ရေဆေးပြီးသိမ်းလိုက်နှင့်ပေါ့။ 
                 ကလေးပဲ ကျမတို့ ကလည်း ရေကိုင်ခြင်သည်။ ရေချိုးခန်းက ရေတွေယူ၊ သဲတွေနှင့် ထမင်းချက်။ အိမ်မှာ ရှိတဲ့ အပင်တွေ၊ အရွက်တွေ ခူး ဟင်းလုပ်၊ ပြီး ရွက်ကျပင်ပေါက်မှ အရွက်တွေက တဇောင်းလက်ပတ်လို ချွဲပျစ်ပျစ်မို့  အရွက်ကို လှီးပြီ မြေဒယ်အိုးတွေထဲ ဘူးသီးကြော်လုပ်ဆော့သည်။   ဟီး ဟီး ခုတွေးမိ၊ ခုဆော့ခြင်သေး သလိုလိုပါပဲ။  ကြာတော့ ကျမ ဦးလေးလည်း အိုးပုတ်တွေ ရေးဆေးသိမ်းရလွန်းတော့ တစ်ခါ ရေဆေးပြီး ကျမတို့  ထားနေကျနေရာ မထားပဲ ဖေဖေကုတင်အောက် ကထ္ထူပုံးထဲ ထည့်ဖွတ်လိုက်ပါတော့သည်။ ရှာလို့  မတွေ့ တော့ ကစားနည်းပြောင်းသွားသည်။
                 အိမ်ပြင်ထွက် အိမ်နားက ကလေးတွေစုပြီး နှစ်ဖွဲ့ ခွဲး ဗုဓ်ဒီ၊ ဆလိမ်ပြေးတမ်း၊ တွတ်ဆွဲးကြသည်။ မြေမထိ၊ ဝါးမထိတို့  မိုးနှင့်မြေ၊ ထုတ်ဆီထိုးကြနှင့် ဘယ်လောက်ပျော်စရာကောင်းခဲ့ သလဲလို့ နော်။ အပျော်လွန်နေလို့  ည(၉)နာရီထိုးလျှင် ဖေဖေထွက်လာပြီး အိမ်ထဲဝင်ခိုင်းပြီ တံခါးပိတ်သည်။ ပျင်းလျှင် အိမ်ရှေ့ ဒန်ပေါ်မှာ စောက်ထိုးချိတ်ပြီး တစ်ယောက်ထဲ ဆော့လိုက်သေးသည်။  အိမ်မှာက မိန်းခလေးကြီးမို့  ဘောလုံးတော့ မကစား၊ ဒါပေမယ့် ဆော့နည်းကတော့ စုံနေအောင်ဆော့သည်။  ဒီကြားထဲ အမတွေဆော့သော ကျားကစား နှင့် မိုနိုပိုလီလိုမျိုးလည်း နွဲးလိုက်သေးသည်။ 
              ကျမတို့  မြို့ က ဘုရားပွဲးလုပ်လျှင် ဇာတ်ရုံတွေတော့ မပြောလိုပါ။ မုန့် ဟင်းခါး၊ ခေါက်ဆွဲသုတ်ဆိုင်၊ မုန့် ရေ၊ မုန့် ပြားသလက်ဆိုင်၊ အကြော်ဆိုင်မှစ အဝတ်၊ အထည်ဆိုင်လည်း အစုံပါသည်။ ရာသီပေါ် ကြံချောင်းကို ခုတ်ရောင်းသောအခါ စာပွဲးခုံနှင့် ကြံသာမက၊ ကောက်ညှင် ကျည်ထောက်တွေပါ ရောင်းသေးသည်။   စာအုပ်ဆိုင်တွေ၊ သင်းဖြူဆိုင်၊ နိဗ်ဗန်ကုန်ဆိုင်လို့ ရေးထားသော ဘုရားနှင့် ပုလင်တွေ၊ ဒန်ထည်ပစ္စည်းဆိုင်တွေ စုံနေအောင် လာရောင်းလေ့ရှိပါသည်။ ကလေးတွေ အတွက်  ဆော့ရသော ဒန်အိုးတွေပါသည့် အရုပ်ဆိုင်တွေ၊ မိုးပျံပူဖောင်တွေ၊ ဒလက်လို၊ယပ်တောင်လို စုံနေပါတော့တယ်။
                ကျမတို့  အတွက်တော့ ခုတွေးရင် ခုလွမ်းမိသော ငယ်ဘဝတွေပေါ့။
Thursday, May 5, 2011
ရောဂါတစ်ခု အစပြုသော်
          ကျမ အမနှင့် ဖုန်းပြောပြီးခါနီး ဖုန်းမချခင် အမရဲ့  အမှာ စကားကြောင့်  ကျမစိတ်တို့  အတိတ်ဆီ ဦးတည် ရောက်ရှိသွားပါတယ်။
          ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလလယ်လောက်က
           ပြင်ပဆက်သွယ်ရေး ဖုန်းဝန်ဆောင်မူ့  (ဆက်သွယ်ရေးဝန်ထမ်းတွေ အပြင်မှာ ထိုင်ပြီး ဖုန်းဆက်သွယ် ရသော စနစ်)  ရှိရာ မြေနီကုန်း  Shopping Centre တစ်ခုသို့  အိမ်ကို ဖုန်းဆက်ရန် ဖယ်ရီက ဆင်းဆင်းခြင် ခြေလှမ်းကို စတင်လိုက်ပါသည်။  နယ်မှ ရန်ကုန်ကို လာ အလုပ် လုပ်ကြသူများအတွက် အိမ်နှင့် အမြန်ဆုံး ဆက်သွယ်ရနိုင်မည့် တစ်ခုထဲသော နည်းလမ်းလေးမို့ လား။   ယခုထိလည်း သုံးနေကြဆဲပါပဲ။  
          ဖုန်းဆက်နိုင်သော နေရာရောက်တော့ ရှေ့ ကလူ ဖုန်ပြောတာကို စောင့်ရသေးသည်။   သူလည်း (၁၀) မိနစ်၊ (၁၅)မိနစ်ကြာတော့ ဖုန်းချသွားသည်။  ကိုယ့်အလှည့်မို့  အိမ်ဖုန်းကို အားပါးတရ နှိပ်လိုက်သည်။  ပထမတစ်ခေါက် လိုင်းမဝင်ပါ။ ပြန်ချ၊ ပြီး ပြန်နှိပ် . . . အဲလို (၃)၊ (၄) ခါလောက်လုပ်ပြီးမှ အိမ်သို့ ဖုန်းဝင်သွား ပါတယ်။   ထူးဆန်းသည်မှာ ကျမတို့ အိမ်မှာ ဖေဖေနှင့် ဦးလေးကလွဲလျှင် ကျန်တာ မိန်းမတွေကြီးပဲ။ ဖုန်လည်း `အမ`တစ်ယောက် ယောက် (သို့ ) `မေမေ` သာ ဖုန်းပြန်ထူးမြဲပင်။   ခုတော့ ဖုန်းထူးသူ၏ အသံမှာ ယောင်္ကျားသံ။  သေသေချာချာ ထပ်နားထောင် မိမှ `ဖေဖေ့` အသံဖြစ်နေသည်။ ကိုယ့် ဖေဖေ ပေမဲ့ ဖုန်းထဲမှာ တစ်ခါမှ မကြားဘူးခဲ့ဘူလေ။ 
ကျမ-   ` ဖေဖေလား၊ ဘယ်သူမှ မရှိဘူလား`
ဖေဖေ- ` အေး  မပေါက်က ဆေးရုံသွားတယ်`
ကျမ-   ` ဘယ်သူ ဘာဖြစ်လို့ လဲ`
ဖေဖေ- ` ငါ့ အတွက် ဆေးစစ်တာ၊ ဓါတ်ခွဲးခန်းမှာ Result သွာယူတယ်`
ကျမ-   ` ဟင် ဘာဖြစ်လို့ လဲ`
ဖေဖေ- ` မသိဘူး၊ ငါဘာဖြစ်နေမှန်း မသိဘူး။ မော မော နေတယ်ဟ`
ကျမ-   ` ဟာ ဖေဖေ ဘာမှ ဖြစ်မှာ မဟုပ်ပါဘူး၊ စိတ်ထင်တာနေမှာပါ`
ဖေဖေ- ` မဟုပ်ပါဘူး။ ငါတကယ်ဖြစ်နေတာပါဆို၊ နေပါဦး ခုမှ အလုပ်ဆင်းတာလား?`
ကျမ-   ` ဟုပ်တယ်၊ အလုပ်ဆင်းလို အိမ်တောင် မပြန်ရသေးဘူး။ လမ်းကနေ ဖုန်းဆက်နေတာ`
ဖေဖေ- ` နင်တို့  အလုပ်ကလည်းဟယ်၊ နောက်ကျလိုက်တာ။ ပြီးရင် အိမ်တန်းပြန်တော့`
          ကျမနှင့် ဖေဖေ ဖုန်းထဲမှာ ပြောခဲ့တာတွေပါ။ ကျမ သေသေချာချာကို မှတ်မိနေပါသေးသည်။  ကျမ့ ဖေဖေက ဝဝထောင်ထောင်မောင်းမောင်းနှင့် ချစ်စရာ ကောင်းပြီ ယောက်ကျားဆန်လှသူ။  ကျမ္မာရေးလည်း ကျမ တစ်သက်တော့ ကြီးကြီးကျယ်ကျယ် မဖြစ်ဘူးတာမို့  ဖေဖေ ခုပြောနေတာတွေကို ဟုပ်မှ ဟုပ်ပါ့မလားလို့  တွေးပြီး လမ်းလျှောက်လာခဲ့ပါသည်။   အိမ်ပြန်ရမည့် လမ်းကြောင်းမှာ အမတစ်ယောက်အိမ်ကလည်း ရှိတာမို့  ကိုယ့် အိမ်မပြန်နိုင်ပဲ အမအိမ်ဘက် လှည့်ဝင်လိုက်သည်။ ဖေဖေ နှင့် ဖုန်းပြောတဲ့ အကြောင်းတွေ အမနှင့် တွေ့  တော့  ပြန်ပြောဖြစ်သည်။ သူလည်း အိမ်ကို ဖုန်းခေါ် မည်လို့  ပြောပါသည်။ ဒါနဲ့ ပဲ ကိုယ်အိမ်ကို ပြန်ခဲ့ လိုက်ပါသည်။
          စိတ်ထင့်ထင့်နှင့် ညတွေ ကုန်သွားသည်။ နောက်နေ့  အလုပ်ပိတ်ပါသည်။ ဒါပေမယ့် ပိတ်ရက်မှာ လုပ်ရသော ဈေးဝယ်၊ ချက်၊ ပြုတ်ပြီး လျှော်ရ၊ ဖွတ်ရသော အလုပ်တွေ၊ အဝတ်လှမ်းပြန်တော့ ရန်ကုန် အိမ်ကျဉ်းကျဉ်းလို နေရာမှာ အဝတ်လှမ်း၊ ခြောက်ရင် နောက်လူလှမ်းဖို့  ရုတ်ပေး၊ ပြီး မီးပူတိုက်။ ပြောရတာတောင် တော်တော် မောပါသည်။ ဒါတောင် ကိုယ့်တစ်ယောက်စာ ထည်းမို့  တော်တော့သည်။ လူမအားတုံးကတော့ စိတ်က အလုပ်ထဲ နှစ်ထားလို့  မသိသာပါ။ အလုပ်ပြီးတော့ ညနေ စောင်းစပြုတော့မယ်။ ဖေဖေ့ ကိစ္စကလည်း ဖုန်းဆက်မေးရဦးမည်။  စိတ်က သတိယသွားတော့ ကိုယ်ကပါ သွားဖို့ ပြင်ရပြန်သည်။
          ဖုန်းဆက်ရလွယ်ပြီ၊ ဖုန်းခသက်သာသော PCO ကိုပဲ သွားဘို့  စဉ်စားပြီ ဘစ်ကားဂိတ်ဘက် ခြေဦးလှည့်လိုက်ပါသည်။  ကားဂိတ်ရောက်တာ့ ကားကမလာနိုင်သေးပါ။  ဟော လာပြီ ` ၃ ကား` ဖြင့် မြေနီကုန်းကို စီးလိုက်သည်။ နောက် ဖုန်းရုံဆီ။ ကိုယ်က အလျှင်လိုပေမယ့် ရှေ့ မှာလည်း ကိုယ်ထက် ဝရီယကောင်းသူတွေ ရှိတာမို့  တန်းစီစောင့်နေရသည်။ တချို့ က (၁၀)မိနစ်၊ တချို့ က နာရီဝက်။ ဟွန်း ကြာလိုက်တာလို့  စိတ်ထဲကသာ တွေးနေရသည်။  စောင့် စောင့်၊ စောင့်ရင်းနှင့်ပဲ ကိုယ်အလှည့် ရောက်လာသည်။
          ကျန်သော ဖုန်းဆက်မူတို့ သည် နေ့ စဉ် အတူတူမို့  ထပ်မရေးလိုတော့ပါ။ ဖုန်းဆက်လို့ ရတော့ အမ့ လာကိုင်သည်။  အမနှင့်တွေ့ တော့  မနေ့ က ဖေဖေနှင့် ဖုန်းပြောရကြောင်း၊ ဆေးရုံသွားတယ် ဆိုလို့  ဘာဖြစ်တာလည်း သိခြင်၍ ထပ်ဆက်တာပါလို့  မေးရမည့် အကြောင်း ကို စကားဦးသန်းလိုက်ပါသည်။  အမကလည်း  ဖေဖေ့ကြည့်ရတာ အရင်နှင့် မတူလို့  အပြင်ဆေးခန်းသွားပြရာမှ၊ ဆေးရုံမှာ ဆေးစစ်စေခြင်တယ် ဆို၍ သွားစစ်ရကြောင်း ပြောပါတယ်။ ကျမတို့ မြို့ မှာ ပြည်သူ့ ဆေးရုံ နှင့် ရေနံဆေးရုံ နှစ်ရုံရှိပြီ၊ ရေနံဆေးရုံတွင် ဆေးစစ်နိုင်သော ဓါတ်ခွဲးခန်းလည်း ရှိပါတယ်။ မဟုပ်ရင် တိုင်းမြို့ တစ်ခုထိ သွားစစ်နေရဦးမည်။  အဲဒီ အချိန်တုံးက နယ်မြို့ တွေမှာ ဆေးစစ်လို့  မရနိုင်သေးပါ။ ခုတော့ တချို့ မြို့ တွေမှာ ရနိုင်ပြီထင်ပါသည်။
          ဘာဖြစ်တာလဲလို့  မေးလိုက်ပါသည်။  အဲဒီမှာ စကြားရတုံးကတော့ မယုံနိုင်စရာ သတင်းစကားကို လက်မခံခြင်၍ မဖြစ်စွာပဲ ကြားလိုက်ရပါသည်။ ဒီရောဂါသည် ကိုယ်နှင့် နီးဆက်သူထဲမှာ တစ်ယောက်တော့ ဖြစ်ဘူးပါသည်။ ရောဂါတော့ အတိအကျ မတူပါ။ ဒါပေမယ့် ရောဂါဖြစ်ချိန် တော်တော်များများ ညီမကလည်း ဆရာဝန်မ၊ တတ်လည်း တတ်နိုင်နေတော့ ရန်ကုန်မှာ သွားကုနေသဖြင့် အစ၊ အဆုံး သေခြာ မမြင်ဘူးခဲ့ပါ။ သွားကုနေစဉ် တစ်ခေါက်ပြန်လာလို့  သွားတွေ့ ကြတော့ ဦးရေပြားပေါ်အောင် ဆံပင်တွေပါးကုန်တာ တွေ့ ခဲ့သည်။ အဲဒီအခေါက်သည် ကျမတို့ နှင့် နောက်ဆုံး တွေ့ လိုက်ခြင်းပင်ဖြစ်ပါသည်။   ရန်ကုန်တွင်ပင် ဆုံးသွားပါသည်။ သူ့ အမေကတော့ သူ့ သမီး ဆုံးကြောင်း မပြောပြထားလို့  သမီးပြန်အလာ မျှော်ပါသည်။  ကျမတို့ နှင့် တွေ့ လျှင် သူ့ သမီးသွားတာကြာကြောင်း သာ တွင်တွင်ပြောပါသည်။ ကျမတို့ လည်း စိတ်မကောင်းပါ။
          ခုတော့ ကိုယ်အလှည့်ဖြစ်လာပြီကော။  ဖေဖေတွင် ` အဆုတ်ကင်ဆာ` ဖြစ်နေပါသည်တဲ့။  စောစောက ပြောပြခဲ့သော အန်တီမှာ အမျိုးသမီးများတွင် အဖြစ်များသော breast cancer ဖြစ်ခဲ့တာပါ။ သူက ကျောင်းဆရာမလုပ်တော့ မြေဖြူမုန့် ရူမိလို့  ဖြစ်တယ်လို့  ဆိုပါတယ်။ ဖေဖေကရော၊ ကျမ ဖေဖေကတော့ အသက်တော်တော် ရသည်ထိ ဆေးလိပ်သောက်သည်။ ဖြတ်ထားသည်မှာ (၁၅)နှစ်၊ နှစ်(၂၀)ပင်ရှိနေပြီ ခုမှ လာဖြစ်သည်။ ရန်ကုန်မှာ အိမ်ထောင်ကျသောအမ နှင့် ကျမအပါအဝင် ညီမ(၄)ယောက် ရောက်နေပါသည်။  အားလုံးပဲ ရင်ထဲမှာရော၊ အပြင်မှာပါ ဝရုန်းသုန်းကား ဖြစ်ကုန်ကြပါသည်။    အဲဒီတုန်းက ဘင်္ဂလားနှင့် အိန္ဒိယကလည်း အနုမြူဗုံတွေ တလုံးပြီ၊ တလုံး အပြိုင်ဖောက်ပြီးစ အချိန်ဆိုတော့ ရေဒီယိုအက်တစ်ကြွ တွေပဲ ဓါတ်ပြုလို့  ကင်ဆာ အဖြစ်များလေသလားလို့ ပင် တွေးမိပါသည်။
          ဒီရောဂါလို့ ပြောလိုက်ခြင်သည်ပင် သေလက်မှတ်ကို ကြိုတင် ထုပ်ပေးသလို ဖြစ်နေပြီ မဟုပ်လား၊ ကျမတို့ ညီမတွေ နှင့် မေမေပါမကျန် ပူပင်သောက ရောက်ကြရပါသည်။ ဒါပေမယ့် အလုပ်ကနေ ခွင့်ယူရန်ကလည်း ဘယ်အချိန်မှာ ဘာဖြစ်မလဲမသိသေးပါ။ ညီအမတွေအားလုံး သင်္ကြန်ရက်တွင် အိမ်ကိုပြန်ရန် တိုင်ပင်ကြသည်။ လူမပြန်နိုင်သေးပင်မယ့် ကိုယ်တတ်နိုင်သော အားဆေးတွေ ဝယ်ပို့ ကြပါသေးသည်။ ကြက်ပေါင်းရေ၊ ငှက်သိုက်ဗူးတွေ ကြိုးစားဝယ်ပေးပါသည်။ ရတဲ့လခထဲက အိမ်ကို ကန်တော့ရန်ဖယ်ပြီလျှင် ရေဖိုး၊ မီးဖိုး တစ်ခုခုပျက်လို့  ပြင်ဆင်ခ၊ တစ်လစာဈေးဘို့  ခန့် မှန်းချန်ထား၊ အထွေထွေ စရိတ်မပါခင်မှာတောင် လခသည် တစ်ဝက်ကို သာသာထိုးထိုးကျော်ခြင်နေပြီ။ ပိုနေသေးသော ငွေထဲကပင် ညီအမတွေစုလို့  ရှာဝယ်ပေးကြရပါသည်။ ဒါတောင် အိမ်က အမအကြီးဝယ်ထားသော အိမ်မှာ သွားနေရလို့  အိမ်လခကာမိသဖြင့် တော်သေးသည်။
          မတ်လလယ်လောက်ရောက်တော့
          ဖေဖေရောဂါက (၆)လလောက်သာ ခံမည်။ စားခြင်တာစား၊ လုပ်ခြင်တာလုပ်ပါစေတော့တဲ့။  ဖေဖေ ရန်ကုန်ကို တစ်ခေါက်လောက် သွားခြင်နေတာသိသော အမအကြီးဆုံးက စရိတ်အကုန်ခံပြီ ရန်ကုန်ပို့  ပေးပါသည်။ ဖေဖေလာသောကြောင့် ကျမတို့ တွေလည်း အလှည့်နှင့် ခွင့်ယူပြီ ဖေဖေအနားမှာ လိုတာ လုပ်ပေးနေကြပါသည်။ တရက်တော့ ရွှေတိဂုံဘုရားပို့ ပေးမည်ဆိုကာ ဖေဖေနှင့် အမတွေ ဘုရားတက်နှင့်ကြပါသည်။ ကျမက ရုံးတက်နေရသဖြင့် ဘုရားကို ရောက်တော့ အတော်နောက်ကျပါသည်။ ဘုရားရောက်တော့ ဖေဖေခင်မျာ ထိုင်စောင့်ရလို့  အောင့်နေ၊ နာနေပြီဆိုတော့ စိတ်မကောင်းဖြစ်ရသည်။
          ကင်ဆာအမြစ်တွေသည် လူခန္ဒာကိုယ်ထဲက အသားမှန်သမျှကို ဝါးမြိုလေသည်။ ထို့ ကြောင့် ဖေဖေ့ ဖင်မှာ အသားတွေ မရှိတော့၊ အရိုးပေါ် အရေတင်နှင့် ထိုင်စောင့်နေရတာကိုး။ အမြစ်မဲမဲလေးတွေလည်း ကိုယ်ပေါ်မှာ တဖြည်းဖြည်းခြင်း ပေါ်စပြုနေပြီ။  ဖေဖေ အားငယ်မည်စိုး၍ ရောဂါမပြောပြသော်လည်း ဖေဖေက ဆရာဝန်နှင့် အင်္ဂလိပ်လို အခြေအချပြောထားသဖြင့် ဒီရောဂါကတော့ ကု၍ မပျောက်နိုင်ကြောင်းတော့ သိထားလေသည်။  ကုလည်း မပျောက်တဲ့ရောဂါမို့ ၊ ဆေးဖိုးလည်း အကုန်မခံနဲ့ ဆိုကာ ဆေးတွေလည်း မသောက်ပါ။   ကျမတို့ လည်း ဖေဖေ့ကို ပြောမရပါ။ စိတ်ချမ်းသာအောင် ထားရမည့် အချိန်လည်း ဖြစ်နေတယ်မို့ လား။    ရန်ကုန်မှာ တပတ်၊ (၁၀)ရက်နေပြီ၊ ဆေးခန်းပြ၊ ဘုရားသွား၊ ကျန်တဲ့အမတွေကလည်း နီးနီးနားနားတော့ ဖေဖေကို လိုက်ပို့ ပါသေးသည်။ ဖေဖေကတော့ ရောဂါအရှိန်နှင့် များများလည်း မသွားနိုင်၊ စိတ်လည်းမရောက်တော့ပါ။ (၁၀)ရက်ပြည့်လို့ ပြန်ဖို့  ငှားသည့်ကားက တခြားခရီးစဉ် တစ်ခုမှာပါသွားလို့  မပြန်ဖြစ်ပါ။ ဖေဖေက ပြန်ခြင်နေပြီ၊ မပြန်ရတော့ ဆူတာပေါ့။ နောက်ရက်မှ ကားရပါသည်။
          ဧပြီရောက်တော့ ညီအမ(ရ)ယောက် စုံစုံလင်လင် အိမ်သို့  ပြန်ရောက်လာကြသည်။ ဖေဖေကတော့ မိသားစု စုံစုံလျှင်လျှင်မို့  ပျော်နေပါသည်။  အိမ်သားအားလုံးကလည်း ဖေဖေဖြစ်ခြင်တာ လုပ်ပေးသည်၊ ဒီရက်တွေမှာ ဖေဖေပြောတာနားထောင်ပြီ လိုက်လုပ်ပေးနေကြတော့ သူကျေနပ်နေပါတယ်။  အဲဒီကြားထဲ ကျမနှင့် ဖေဖေ ထ ပွမ်ကြလေသည်။ ဖြစ်တာက ဖေဖေက သူ့ အော်တိုနာရီကို အချိန်တိုက်တော့ နာရီမေးပါသည်။ အမှန်က ဖေဖေရောဂါသည် မျက်လုံးအိမ်သို့ ရောက်နေကြပေပြီ။ ဖေဖေ ကောင်းကောင်း မမြင်ရတော့ပါ။  ကျမကလည်း ဖေဖေဆီက နာရီယူပြီ လှည့်လိုက်တော့ ဖေဖေကအော်ပါတယ်။ သူ့  မျက်စိတွေက ကောင်းကောင်း မမြင်ရတော့လို့  စမ်း၊ မှန်းပြီ နာရီလှည့်နေတာ ကျမလုပ်လို့  ခု သူမှာ ဘယ် နှစ်နာရီလဲ မသိတော့ဘူးဆို အော်ပါသည်။  ကျမကလည်း ဘယ်လိုလှည့်ရမလဲ ပြောပါ ကျမတိုက်ပေးမယ်ဆိုပေမယ့် မရပဲ အော်တာမို့  ဖေဖေ့အသံနှင့် အပြိုင် အော်ပြောလိုက်ပါသည်။
          နောက်မှ ဖေဖေက ရီလိုက်ပြန်ပါသည်။  တရစ်တင်ပြီ လှည့်ရင် အင်္ဂါနေ့ ၊ ဗုဓ္ဒဟူးနေ့  စသဖြင့် နေ့ တွေ ပြောင်းမည်။ နောက် ဒုတိယရစ်တင်ပြီ လှည့်ရင် ၁ ရက်၊ ၂ ရက် စတဲ့  ဂဏာန်းတွေ ပြောင်းမယ်ဆိုလို့  ကျမလည်း သူပြောသလို  လိုက်လုပ်ပြီ  အချိန် နှင့် နေ့ ၊ ရက်တို့ ကို ပြောပြပြီ ဖေဖေကို လက်ပတ်နာရီ ပြန်ပေးလိုက်ပါသည်။  အိမ်နောက်ဖေမှာ ချက်ပြုတ်နေသော မေမေ နှင့် အမတွေ တံခါးမကြီးမှ ခေါင်းတွေ တန်းစီပြီ ကျမတို့ ကိုကြည့်နေပါသည်။  ကျမနှင့် ဖေဖေ ရန်ဖြစ်တယ်လို့ ထင်ပြီလာကြည့်တာလည်းပါပါသည်။ ဒါပေမယ့် ဖေဖေက သူဘယ်လို ခံစားနေရကြောင်း မိသားစုဝင်တွေကို ဘယ်တော့မှ ထုတ်မပြောပေမယ့် ကျမကို အော်ပြောတော့ ပါလာပါတယ်။ အားလုံးလဲ ကြားသွားပါတယ်။ စိတ်မကောင်းတဲ့ကြားက နေမကောင်းတဲ့သူနှင့် သွားရန်ဖြစ်သလားလို့ တော့ တစ်ခွန် လှန်းပြောပါတယ်။  ကျမလည်း ဘာမှပြောမနေတော့ပါဘူး။
          ဖေဖေက နိုးနေရင်တော့ သူခံစားရသော ရောဂါကို ကြိတ်ခံစားရှာပါတယ် ဘယ်သူမှ မသိအောင်ပေါ့။  အိပ်တဲ့ အချိန်ရောက်ရင်တော့ ဝေဒနာခံစားရလွန်းတော့ အိပ်ပျော်နေသည့်ကြားက မျက်နှာတွေရူံ့ ၊ ကိုယ်တွေ တွန့် လိမ်လာတတ်ပါတယ်။ ကျမတို့ မှာ မြင်နေရတာတောင် မသက်သာလှတာ၊ ဖေဖေက ကိုယ်တိုင် ခံစားနေရတာ အတော်ပြင်းထန်မှာပါ။ ဖေဖေ ရောဂါဖြစ်တော့ နွေရာသီကြီးမှာပါ။ ရင်ထဲက အပူနှင့်၊ အပြင်ကအပူ ဒွန်တွဲးလို့  ပူလိုက်မည့်ဖြစ်ခြင်း။ ကျမတို့ လည်း အိမ်မှာနေရတုံး ဖေဖေ့ ဝတ်ကြီး၊ ဝတ်ငယ် ပြုကြပါတယ်။ ကျမတို့  ခွင့်စေ့လို့ ပြန်တော့ ကျန်ခဲ့တဲ့ အမတွေဆို ရေပတ်လည်း မကြာမကြာ တိုက်ပေး၊ ရေပတ်နှင့် လဲ လဲ အုပ်ပေးရပါသည်။
          ပြန်လို့  နှစ်ပတ် မပြည့်၊ တပြည့်မှာပဲ ဖေဖေ အခြေအနေတွေ အဆက်မပြတ် ကြားနေရပါတယ်။  တရက်   ..  ..  ..  မေလ (၂)ရက်မနက်မှာတော့ နယ်က အမက ဖေဖေ အခြေအနေ မကောင်းတော့ဘူး၊ မြန်မြန်ပြန်လာဖို့  ဖုန်းလာပါတယ်။  ရုံးတက်နေတာမို့  ခွင့်တိုင်ပြီ  ကျမနှင့် ကျမအထက်က အမ (၂)ယောက် လည်း ကားလတ်မှတ်တွေဝယ်၊ ပစ္စည်းတွေထဲ့ ဝရုန်း၊သုန်းကားနဲ့  ကားဂိတ်ကို ဆင်းခဲ့ရပါတယ်။ ကားစီးတော့လည်း တညအိပ် ခရီးကို ပင်ပင်ပန်းပန်းစီပြီ၊ လမ်းမှာ ကားဘိန်းပေါက်ပါတော့တယ်။   ပြည်မှာ တစ်ခါ၊ ကျမတို့  မြို့ မရောက်ခင်မှာ တစ်ခါ ဆိုတော့ ရောက်ရမယ့် အချိန်လည်း မရောက်။ ကျမတို့ ကလည်းရင်တွေပူ၊ အိမ်လည်း ဖုန်းဆက်မရတော့ ဟိုကလည်း စိတ်တွေပူနေကြမှာပါပဲ။
          အဲလို ဖြစ်ခြင်သလိုဖြစ်ပြီ နောက်ဆုံးတော့ မနက်(၇)နာရီလောက်ဝင်နေကြကားဟာ၊ မနက်(၁၀)ကျော်မှ ဝင်ပါတယ်။  ကားဂိတ်ဆုံးမရောက်ခင် အိမ်ကလည်း လူလွှတ်လာကြိုလို့  လမ်းမှာဆင်းပြီ လိုက်ခဲ့ကြပါတယ်။ အကျိုးအကြောင်း ဘာမှ မပြောဘို့  မေမေကမှာထားတော့ ဒီအတိုင်းလိုက်လာကြပါတယ်။ အကွေ့    ..   ..   ..   အဲဒီအကွေ့ လေးက ချိုးလိုက်ရင် ကျမတို့ အိမ်ကို မြင်ရတော့မယ်။ ညီအမ နှစ်ယောက် အပြေးအလွှား ချိုးကွေ့ လိုက်တော့ ကျမတို့ တွေ `ဟင်` ကနည်း ဖြစ်ပြီး အိမ်ကို ပြေးလိုက်တာတန်းနေတာပါပဲ။ တညလုံးကားစီးရလို့  ပင်ပန်တာတွေ ဘယ်ရောက်ကုန်မှန်မသိတော့ပါ။ ကျမတို့  မြင်လိုက်ရတာကတော့ အိမ်ရှေ့ မှာ အရိပ်စင် ထိုးထားတာပါပဲ။ ကျမတို့  ရင်ထဲမှာ စို့ သွားတာပါပဲ။  အိမ်ထဲရောက်တော့လည်း ဖေဖေ့ကိုယ် ပြင်ထားတဲ့နားမှာပဲ ငိုနေမိကြပါတယ်။
          ဒါပေမယ့် ရုံးကို ဖုန်းဆက် အကြောင်းကြားရ၊ ခွင့်တွေလဲ ထပ်ယူရပါသေးတယ်။ ရန်ကုန်မှာ ကျန်ခဲ့တဲ့ အမတွေကတော့ ညကတည်းက ဖုန်းဆက်တော့ သူတို့  ချက်ခြင်လိုက်လာဖို့  စီစဉ်ကြပါတယ်။  ဒီကြားထဲ ဖေဖေက ရောဂါနဲ့ ဆုံးတာမို့  မနံအောင် နောက်တစ်နေ့ ပဲ သုတ်သန်ကို ပို့ မယ်လို့  ဆုံးဖြတ်ပါတယ်။ အမျိုးတွေ လည်း ဟိုမြို့ ၊ ဒီမြို့ က ရောက်လာ။ ချက်ပြုတ်ကျွေးရတာတွေရော ရုတ်နေတာပါပဲရှင်။  ဝမ်းနည်းပေမယ့် လုပ်ရမယ့် တာဝန် တ္တရားတွေကလည်း ပစ်ထားလို့ မရပြန်ပါဘူး။
          ဖေဖေ နောက်ဆုံးသွားရမယ့်ခရီးနေ့ က နေ့ လည်းဘက် မိုးရွာပါတယ်။ ဒါပေမယ့် တကယ့် ပို့ောင်ရမယ့် အချိန်ရောက်တော့ မရွာတော့ပါဘူး။ မိုတိမ်တွေကတော့ ရှိနေတုံးပါ။ အေးအေးချမ်ချမ်းနဲ့ ပဲ လိုက်ပို့ မယ့်သူတွေကလည်း အိမ်ထဲရော၊ အိမ်ပြင်မှာပါ လူတွေမနည်းပါဘူး။ ကိုယ်လည်းကိုယ့်ဝေဒနာနှင့်ကိုယ် မို့  သိပ်သတိမထားမိပါဘူး။ ဖေဖေ ကတော့ သူ့ နောက်ဆုံးခရီးကို ပို့ ဆောင်သူတွေပါ မပင်ပန်းရပဲ အေးအေးချမ်းချမ်းနဲ့ သွားခဲ့ပါပြီ။
          ဒီအကြောင်းအရာလေးကို ပြီးခဲ့တဲ့ မေလ(၃)ရက်နေ့ က ပြည့်သွားခဲ့ပြီ ဖြစ်သော ဖေဖေ ဆုံးသော (၁၃)နှစ်ပြည့် အမှတ်တရ ရေးတင်ပါသည်။  ဖေဖေလည်း ကောင်းမွန်တဲ့ ဘဝ တစ်ခုကို ရောက်နေပြီလို့  ကျမ ယုံကြည်ပါတယ်။ ဒီဘဝမှာ လာတွေ့ စုံခွင့် ရတာလေးကို အမှတ်တရ သိမ်းထားလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားခြင်းသာ ဖြစ်ပါသည်။
Monday, May 2, 2011
ပုဂံ ဆည်းဆာ နှင့် ဘဝတစ်ခု
        ပုဂံရဲ့  ကမ္ဘာကျော် နေဝင်အလှကို ကိုယ့်မှာရှိတဲ့ ကင်မရာ ခပ်ချာချာနဲ့  ရိုက်ခဲ့ရတာမို့  နိုင်ငံခြားသားတွေ ရိုက်ကူးတဲ့ပုံကိုတော့ မှီမှာ မဟုပ်ပါဘူး။     ပုဂံဘုရားသမိုင်းတွေကို ဓာတ်ပုံလာကြည့်သူတွေ မပျင်းအောင်သာ ရေးသားခဲ့တာပါ။ စနစ်တကျ သမိုင်းတင်တဲ့စာတွေ ရှိသလို ၊ မတင်တာတွေလည်း အများကြီးရှိမှာပါ။
           ကိုယ်ချစ်တဲ့ တိုင်းပြည်လေးနှင့် ခွဲခွားနေရသူများ ကြည့်နိုင်၊ သိနိုင်အောင်သာ အလွမ်းပြေသာ ရေးသားခဲ့တာပါ။  ဘုရားပုထိုးတွေကြည့်ပြီ ရန်ဖြစ်ဘို့ ၊ အကုသိုလ်ဖြစ်မှာလဲ မလိုလားပါ။ ကိုယ့်သဘော အတိုင်း စဉ်စားဆုံးဖြတ်နိုင်ပါတယ်။ 
            စွယ်တော် လေးဆူဘုရားဖူးကို တမနက်ထဲ ရောက်အောင်သွားနိုင်ရင် ကျမ္မာရေးကောင်းတယ်လို့ များ ဘယ်သူစထွင်လိုက်သလဲ မသိပါ။  အဲဒီ အယူအဆလည်း စဉ်းစားကြည့်ရင် ရှင်းရှင်းလေးပါ။ ဘုရားကတောင် သတ်ဗေ၊ သတ္တာ ကံမသကာလို့  ဟောခဲ့တာပဲဟာ  နော့။  ကိုယ်ပြူသော ကံသာ ကိုယ့်နောက်ကို အစဉ်လိုက်တာမို့ လား။
                     ဒါပေမယ့် စွယ်တော်လေးဆူထဲမှာ ပါဝင်တဲ့ ဘုရားတွေကိုတော့ ပြောပြပါမယ်။ 
    (၁)တူရွင်းတောင် ၊  (၂) ရွှေစည်ခုံ ၊ (၃) တန့် ကြည်တောင် နှင့် (၄) လောကနန္ဒာ ဘုရားတို့  ဖြစ်ပါတယ်။
      ခုပုံလေးကတော့ လောကနန္ဒာဘုရားကနေ နေဝင်ချိန်ကို စောင့်ရိုက်ထားတာပါ။ ကျမတို့ လိုပဲ လူဖြူ စုံတွဲး တစ်တွဲလည်း ရိုက်ဖို့ စောင့်နေပါတယ်။ တကယ့်ပုံကောင်းရအောင် အချိန်မစောင့်နိုင်ခဲ့ပါဘူး။ ဒါတောင် ကျမမြို့ ပြန်ရောက်တော့ မိုးချုပ်ပြီး ဒီခရီသွားတာ စောမရောက်လို ` မေမေ` က ဆူပါသေးတယ်။   :D    မိဘကတော့ ကိုယ့်သား၊ သမီး အရွယ်ဘယ်လောက် ကြီးကြီး ဆူတုံး၊ စိတ်ပူတုံးပါပဲ။ မိဘ မေတ္တာပေကိုး  . . .။
               အစကတော့ စာရေးခြင်စိတ် မရှိပါဘူး။ ဒါပေမယ့် ကိုကြီကျောက်ရဲ့  နောက်ဆုံး ခရီးထွက်သွားတာကို ဖတ်ရတော့ ကိုကြီးကျောက် ရဲ့  ဘဝ နေဝင်ချိန်ကို ၊ ဝမ်းနည်းစွာနှင့် ပုဂံနေဝင်ချိန်ကို အစားထိုး ပြီ ဖော်ပြလိုစိတ်ပေါ်လာပါတယ်။   ကျမတို့ တွေလည်း အချိန်စောသည်၊ နောက်ကျမည် မသိ တချိန်ချိန်မှာတော့ လျှောက်ရမယ့် လမ်းတစ်ခု ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။  အိုခြင်းဘေး ၊ နာခြင်းဘေး ၊ သေခြင်းဘေး တို့ မှ မြတ်စွာ ဘုရားရှင်သော်မှ မလွန်ဆန်နိုင်ပါဘူး။ ကျမတို့ ကလည်း ဘာသားနှင့် ထုထားလို့  ဒီဘေးတွေကနေ ရှောင်ပြေးနိုင်ပါမည်နည်း။     အသေကောင်းဘို့ ရာသာ ကြိုးစား အားထုပ်မူ အလုပ်ကို ယခုကပင် စတင်ပြူလော့လို့ သာ ကိုယ့်ကိုယ်ကို ဆုံးမရပါသည်။
              လောကနန္ဒာ ဘုရား ပုံတော် ဖြစ်ပါတယ်။   မြန်မာပြည်မှာ ပြူခဲ့သမျှသော အလှူ၊ ငယ်စဉ်မှစ ယခုထက်ထိ ပြူဘူးသော သီလ နှင့် ကုသိုလ် အဖို့  ဘာဂတို့ အား ကိုကြီးကျောက်နှင့် တကွ (၃၁)ဘုံတွင် ကျင်လည်ကြကုန်သော ဘုံသား အားလုံးတို့ ကို အမျှပေဝေပါတယ်။ ရောက်ရာ ဘဝ ဘုံဌါနမှ သာဓု အနုမောတနာ       ခေါ်ယူနိုင်ပါစေ။
   အမျှ ၊ အမျှ ၊ အမျှ ယူပါ။     
     သာဓု၊ သာဓု၊ သာဓု။  
အမျှ ၊ အမျှ ၊ အမျှ ယူပါ။     
     သာဓု၊ သာဓု၊ သာဓု။  
အမျှ ၊ အမျှ ၊ အမျှ ယူပါ။     
     သာဓု၊ သာဓု၊ သာဓု။  
       မနုဟာဘုရားသပိတ်နှင့် အပြည့် ဆွမ်းလှူပွဲးပါ။ (၁၆) တင်းချက်ဆန့် တယ်လို့  ဆိုပါတယ်။  
    ကိုကြီးကျောက်အတွက် ဆွမ်းလှူ ပေးလိုက်ခြင်ပါရဲ့ ။  ငါ ဒီလောက် မစားနိုင်ပါဘူဟာလို့  ပြောလေမလား ပါပဲ။
      နေဝင်ချိန်ကို မြင်သော၊ ကြည့်သောသူ ရှိသလို။ ဘဝမှာ ရုန်းကန်လုပ်ရှားရင်း မကြည့်၊ မခံစားနိုင်သူတို့ လည်း ရှိပါလိပ်မည်။   နေမင်းသည်လည်း အရှေ့ အရပ်မှ နေထွက်မြဲ ထွက်၍၊ အနောက် အရပ်မှ နေဝင်မြဲ ဝင်နေမည်မှာ ဓမ်မဒါပါတည်း။
ရေတွေဟာလည်း စီးဆင်းစဲပါပဲ၊
လှေတွေဟာလည်း 
မြစ်ရေပြင်မှာ စုံ၊ဆန်ခတ်
ကူးလူးသွားနေစဲ ပါပဲ။
ဘဝတွေဟာလည်း
သံသရာ ရေယဉ်ကျောမှာ 
လူးလာခတ် လှည့်ပတ်နေကြစဲ။
သံသရာမှ ကူးမြောက်ပြီး
နိဗ်ဗာန်ရောက်ကြောင်း
တရားမြတ်ကို
ပြပေထသော
အရှင်ဘုရား
ကျေးဇူးအထူးနှင့် ပြည့်စုံသော
မြတ်စွာ ဘုရားကို ရှစ်ခိုးပါ၏။
လည်ပတ်နေသော
သံသရာ စက်ဝန်း 
တည်ငြိမ်စွာ ရပ်တန့် 
ခန္ဒာဖြစ်ပျက်
မြင်ရန် အလို့ ငှာ
ကျင့်ကြံ ကြိုးစာနိုင်သောကိုယ်
ဖြစ်ရပါစေသား ။    ။